တခြားလမ်းကြောင်းဆိုတာတွေ ဟာ ခွဲထွက်ရေးကို ဦးတည်နေ တာလို့ ယူဆ
2017.05.24

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA လမ်းကြောင်းကို လျစ်လျူရှုပြီး တခြားလမ်းကြောင်း၊ နောက်ထပ် လမ်းကြောင်း၊ ဒုတိယ လမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်းသာ ဖြစ်သလို ပြည်ထောင်စုမှ ခွဲထွက်ရေး လမ်းစဉ်ကို ဦးတည်နေတယ်လို့ ယူဆရမှာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
ဒီကနေ့ စတင်ကျင်းပတဲ့ ၂၁ ပင်လုံညီလာခံဖွင့်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။
"အနာဂတ် နိုင်ငံတော်ကို တည်ဆောက်ကြရာမှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှု တို့ကို ချိန်ကိုက်ပြီး ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်ခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ တည်ဆောက် သွားရန်လည်း NCA မှာ သဘောတူညီချက် ရပြီးဖြစ်ရာ ဒါကြောင့် NCA လမ်းကြောင်းရဲ့ ပန်းတိုင်ဖြစ်ပြီး တိုင်းရင်းသားများ ဒီကနေ့ တောင်းဆိုနေတဲ့ အချက်အားလုံးကို ခြုံငုံပြီးဖြစ်တယ် ဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါကိုလျစ်လျူရှုပြီး အခြားလမ်းကြောင်း၊ နောက်ထပ် လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲ လုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်တို့ကို မလိုလားခြင်းသာဖြစ်ပါတယ်။ ဆွေးနွေး ညှိနှိုင်း အဖြေရှာရေး လမ်းစဉ်က သွေဖီပြီး လက်နက်ကိုင် ဆန့်ကျင်ရေးလမ်းစဉ်၊ လက်နက်စွဲကိုင်ပြီး အာဏာရ ယူရေးလမ်းစဉ်နဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေး လမ်းစဉ်တွေကိုသာ ဦးတည်နေကြောင်း ယူဆရမှာ ဖြစ်ပါတယ်"
မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အန်စီအေလမ်းကြောင်း အတိုင်းမဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဖြေရှာဖို့ ပြောထားခဲ့တာ ရှိပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်းကိုလည်း ထပ်မံအသိပေးလိုကြောင်း ပြောပါတယ်။
ဒါ့အပြင် အန်စီအေ စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက စတင်အဆိုပြုခဲ့တဲ့ အယူအဆ ၂ရပ်အပေါ် အခြေပြုပြီး ပေါ်ပေါက်လာ တာဖြစ်ကြောင်း ပထမ အယူအဆက နိုင်ငံရေး ဆွေးနွေးပွဲတွေစတင်နိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်သဘောတူညီချက်ရှိဖို့ လိုအပ်ကြောင်း ဒုတိယအယူအဆက ခေတ်အဆက်ဆက် ဆောင်ရွက်ကြတဲ့ အပစ်ရပ် သဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲတဲ့ အဆင့်မှာပဲ ရှိခဲ့ပြီး အပစ်ရပ်ပြီးတဲ့နောက် သဘောတူညီချက်တွေကို စောင့်ကြည့်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ကို ဒီစာချုပ်မှာ အာမခံချက်ပေးထားကြောင်း ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက အန်စီအေမှာ လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့တွေပါဝင်ရုံနဲ့ မလုံလောက်ဘဲ ကျန်တဲ့အဖွဲ့တွေပါ အားလုံးပါဝင်လာနိုင်ဖို့ လိုအပ်ကြောင်း၊ ဒီနေ့စတင်ကျင်းပတဲ့ ညီလာခံဟာ ကျန်တဲ့အဖွဲ့တွေအားလုံးပါဝင်မှုကို အထောက် အကူဖြစ်စေဖို့ လိုအပ်ကြောင်း ပြောလိုက်ပါတယ်။