ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးနုတ်ထွက်သင့်တယ်လို့ အချက်အလက်ရှာဖွေရေးအဖွဲ့ပြော
2018.08.27

မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ရာထူးက နုတ်ထွက်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ကပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မှာ မနေ့က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲမှာ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ ခေါင်းဆောင် မာဇူကီ ဒါရပ်စ်မင်း က ပြောကြားခဲ့တာပါ။ ရှေ့ဆက်လှမ်းရမယ့် တစ်ခုတည်းသော လမ်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လ်ှိုင် ကို ရာထူူးက နုတ်ထွက်ခိုင်းဖို့နဲ့ အမြန်ဆုံး ဆင်းသွားဖို့ပဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီအတွင်း အီးယူ ဥရောပ သမဂ္ဂ အမှုဆောင်အဖွဲ့က ဒီသီတင်းပတ်အတွင်း ဘရပ်ဆဲမြို့မှာ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ရေးသားခဲ့ကြသူတွေနဲ့ စည်းဝေးပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိှုင် နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို International Criminal Court နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့တာပါ။
မြန်မာနိင်ငံရဲ့ အခြေအနေကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ တင်ပြသင့်ကြောင်း ဒါမှမဟုတ် Special Tribunal ခေါ် သီးသန့်တရားစီရင်သင့်ကြောင်းလည်း ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် ဦးဟောက်ဒိုဆွမ်းက
"အဖွဲ့ကတော့ လူ့အခွင့်အရေးကောင်စီက ဖွဲ့တဲ့ အဖွဲ့ပေါ့နော်၊ ကျနော်တို့က ဆုံးဖြတ်ချက်ကိုလည်း လက်မခံဘူး၊ သူတို့ဖွဲ့စည်းလိုက်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ကျနော်တို့က အသိအမှတ်မပြုဘူး၊ အဲဒါကြောင့် လည်းပဲ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါဘူး။ သူတို့ရဲ့ report က တကယ်ကတော့ ဘင်္ဂလားဒေ့ရှ် ဘက်ရောက်နေကြတဲ့သူတွေကို မေးမြန်းပြီး ရေးထားတဲ့ဟာဖြစ်တဲ့အခါကျတော့ သဘာဝအတိုင်း စဉ်းစားမယ် ဆိုလို့ရှိရင်တော့ ဒီလိုပုံဖြစ်လာမယ်ဆိုတာတော့ သိပ်တော့အံ့သြစရာမရှိပါဘူး"
အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားတာ ဖြစ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူတွေလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အိုင်စီစီ အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အတွက် အဲဒီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားပါတယ်။
ဒီအတွင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ရခိုင်ပြည်နယ်က မွတ်စလင်တွေ ဆိုးဆိုးရွားရွား ပြုမူခံနေရတာနဲ့ ပတ်သက်ပြီး ဖြေရှင်းရေးလမ်းစတွေရှာဖွေဖို့ မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ စောစောသွားရောက်မယ် လို့ ပြောလိုက်ပါတယ်။ ဒါ့ပြင် ဒီလိုလုပ်ရပ်မျိုးတွေ ကျူးလွန်ခဲ့သူတွေအတွက် ပုန်းအောင်းစရာနေရာ မရှိစေရပါဘူး လို့လည်း ပြောပါတယ်။
ဒီအတွင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးသစ် မိုဟာမက် ဆာဘူ က ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဒေသတွင်း အကြမ်းဖက်အဖွဲ့တွေရဲ့ စည်းရုံးသိမ်းသွင်းတာတွေကို အလွယ်တကူ ခံကြရနိုင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဘာသာရေးစစ်ပွဲ ဆက်နွှဲဖို့ အစ္စလာမ္မစ် IS အဖွဲ့က ရိုဟင်ဂျာတွေကို စည်းရုံးသိမ်းသွင်းခဲ့တဲ့ ဖြစ်ရပ်တွေ တွေ့ရှိခဲ့ရကြောင်း မလေးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ အကြီးအကဲက တင်ပြအပြီးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုခဲ့တာဖြစ်ကြောင်း ဘီနား သတင်းက ဖေါ်ပြပါတယ်။