ကိုမင်းကိုနိုင်အပါအဝင် ခုနစ်ဦးကို စစ်အစိုးရ ဖမ်းဝရမ်းထုတ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် ခုနစ်ဦးကို စစ်အာဏာသိမ်း အစိုးရက ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
ကိုမင်းကိုနိုင်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ အချုပ်အခြာအာဏာ ကွန်ရက်က ကိုမျိုးရန်နောင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် လုပ်ခဲ့ဖူးတဲ့ အဆိုတော်လင်းလင်း၊ လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတွေရေးတဲ့ အိပန်ဆယ်လို၊ ကိုမောင်မောင်အေး၊ အင်းစိန်အောင်စိုး တို့ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ စစ်အာဏာသိမ်းအစိုးရက ကြေညာပါတယ်။
သူတို့တွေဟာ လူမှုကွန်ရက်စာမျက်နှာ Facebook အသုံးချပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။
ကိုမင်းကိုနိုင် အပါအဝင် ခုနစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။
အခုဖမ်းဝရမ်းထုတ်ခံရသူတွေဟာ စစ်အာဏာသိမ်းအစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာ Facebook ကနေ တိုက်တွန်းနေသူတွေ ဖြစ်ပါတယ်။