ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း ကိုမင်းကိုနိုင် ပြောကြား

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြည့်အ၀ ထောက်ခံတယ်လို့ ကျိုင်းတုံထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

2011.10.13
min-ko-naing-free-bird-305 ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဝဲ) နှင့် ကိုဌေးကြွယ် (ယာ) တို့ကို ၂၀၀၇ ခုနှစ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ဆုတောင်းပွဲတရပ်တွင် တွေ့ရစဉ်။
88 Student

ကိုမင်းကိုနိုင် က သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တိုင်းပြည် ကောင်းစားရေး အတွက် ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ သဘောထားကို အပြည့်အ၀ ထောက်ခံကြောင်း၊ NLD ပါတီ တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်လည်း ထောက်ခံကြောင်း ပြောကြား လိုက်တယ်လို့ ကိုမင်းကိုနိုင်နဲ့ ကျိုင်းတုံထောင်မှာ ၃ နှစ်ကြာ အတူ အကျဉ်းကျနေခဲ့တဲ့ မြန်မာ နေရှင်း သတင်းဂျာနယ် မန်နေဂျာ ဦးစိန်ဝင်း မောင်က ပြောပါတယ်။

"သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောထား တထပ်တည်း ရှိတယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခု ဒီ ဦးသိန်းစိန် အစိုးရသစ်နဲ့ ပူးတွဲ လုပ်မယ်ဆိုတဲ့၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မယ်ပဲ ဖြစ်ဖြစ် ပါတီထောင်မယ်ပဲ ဖြစ်ဖြစ်ပေါ့။ ဒါမျိုးကို သူက သဘောတူတယ်ပေါ့ဗျာ။"

ဦးစိန်ဝင်းမောင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် အရ မနေ့ မနက်က ကျိုင်းတုံ အကျဉ်းထောင်က လွတ်မြောက်လာခဲ့သူ ၃ ဦးထဲက တဦးဖြစ်ပြီး ဒီကနေ့ ရန်ကုန်မြို့ နေအိမ်ကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

လောလောဆယ် ကိုမင်းကိုနိုင်ဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ရှိနေပြီး ကျန်းမာရေးလည်း မကောင်းဘူးလို့ ဦးစိန်ဝင်းမောင်က ပြောပါတယ်။

ကျိုင်းတုံထောင်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၇ ဦးရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ဦးစိန်ဝင်းမောင် နဲ့ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ အထိန်းသိမ်းခံရပြီး ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဦးသုတဉာဏ (ဦးသန်းဇော် - ရွှေပြည်သာ)၊ ဦးအိန္ဒြယ (ငွေကြာရံစာသင်တိုက် - ဦးအောင်သူငြိမ်း) တို့ မနေ့က လွတ်မြောက်လာခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက လာမယ့် အင်္ဂါနေ့မှာ ကျင်းပဖို့ ရှိပါတယ်။

ကျိုင်းတုံ အကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာတဲ့ မြန်မာနေရှင်း ဂျာနယ် မန်နေဂျာ ဦးစိန်ဝင်းမောင်နဲ့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်း ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။