ကျောက်မဲ တိုက်ပွဲအတွင်း ရုပ်အလောင်း ၂၃ လောင်းကို သင်္ဂြိုဟ်ပေးခဲ့ရ
2024.06.27

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဇွန်လ ၂၅ ရက်ကစတင်တဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ရုပ်အလောင်း ခြောက်လောင်း အပါအဝင် စုစုပေါင်း ၂၃ လောင်းကို သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
အဲဒီထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေလည်း ပါဝင်သလို အရပ်ဝတ်တွေနဲ့ အမည်မသိ ရုပ်အလောင်းတွေလည်း ပါဝင်တယ်လို့ သင်္ဂြိုဟ်ပေးနေသူတစ်ဦးက ပြောပါတယ်။
“မနေ့က ရန်ကင်းရပ်ကွက်မှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ သေဆုံးတဲ့ အရပ်သားက လေးယောက်ပေါ့နော်။ နောက်ပြီးတော့ ပထမရက်မှာ နှစ်ယောက် အဲဒါက အရပ်သားတွေ။ နောက်ပြီး လမ်းဘေးမှာတွေ့တဲ့ ရုပ်အလောင်းတွေထဲမှာ အရပ်ဝတ်တွေနဲ့လည်းပါတယ်။ ဘယ်သူမှန်း မသိရဘူးပေါ့။ သုံးရက်အတွင်း ၂၃ လောင်းရှိတယ်”
အမျိုးသမီး ရုပ်အလောင်း နှစ်လောင်းပါဝင်ပြီး ကျန်၂၁ လောင်းက အမျိုးသား ရုပ်အလောင်းတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
ဇွန်လ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ရုပ်အလောင်း ၂၁ လောင်းကို နမ့်ခုံးရှမ်းပရဟိတအဖွဲ့နဲ့ နာရေးကူညီမှုအသင်း- ကျောက်မဲတို့ ပူပေါင်းပြီး အေးချမ်းသာသုဿာန်မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ ဇွန်လ ၂၇ ရက်အထိ ကျောက်မဲမြို့ပေါ်က စစ်ကောင်စီ ခမရ- ၅၀၁လ နဲ့ လ၅၀၂ တပ်စခန်းတွေအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့တွေ ဇွန်လ ၂၅ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။