AA ရဲ့အုပ်ချုပ်ရေးကိုလက်မခံဖို့ မွတ်စလင်အုပ်ချုပ်ရေးမှူးအချို့ကို စစ်ကောင်စီ သတိပေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ မွတ်စလင်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို လက်မခံကြဖို့ ကျောက်တော်မြို့ ခမရ (၃၅၇) တပ်ရင်းမှာ စက်တင်ဘာလ ၆ ရက် မနေ့က အစည်းအဝေးခေါ်ယူပြီး သတိပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေက RFA ကိုပြောပါတယ်။
ပေါက်တောပလောင်၊ ရွှေလှိုင်၊ ပိုက်သည်ရပ်၊ ဂုပ်ပီထောင်း၊ လက်ဆင်ကောက်စတဲ့ မွတ်စလင်ကျေးရွာ (၆) ရွာက အုပ်ချုပ်ရေးမှူးတွေအပါအဝင် မွတ်စလင် ၁၈ ဦးကို အဲဒီတပ်ရင်းထဲကိုခေါ်ယူပြီး ညွှန်ကြားခဲ့တာပါ။
မွတ်စလင်တွေအနေနဲ့ AA ဟာ တရားဝင်အစိုးရမဟုတ်တာကြောင့် AA ရဲ့တရားရုံးတွေမှာ မတိုင်ကြားကြဖို့နဲ့ AA က ဖွဲ့စည်းမယ့် အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲသင်တန်းတွေမှာလည်း ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ အစည်းအဝေးမှာ ပြောခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ကျေးရွာမှာ အမှုအခင်းတွေဖြစ်ရင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးတွေနဲ့ ရဲစခန်းတွေကိုပဲ တိုင်ကြားရမယ်လို့ ပြောဆိုခဲ့တယ်လို့လည်း အဆိုပါ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
အခုလက်ရှိ မြေမြင်အခြေအနေမှာတော့ စစ်ကောင်စီရဲ့ တရားစီရင်ရေး ကဏ္ဍတွေမရှိတာကြောင့် အမှုအခင်း ကိစ္စအချို့ကို ရက္ခိုင့်တပ်တော် (AA) နဲ့ ကျေးရွာလူကြီးတွေကပဲ ဖြေးရှင်းပေးနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မတရားမှု၊ ခိုးမှုနဲ့ မြေယာပြဿနာတွေအပြင် တရားဥပဒေ အဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းတွေအားလုံးကို AA ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကို တိုင်ကြားနိုင်ပြီလို့ ထုတ်ပြန်ကြေညာထားတာပါ။
သြဂုတ်လ ၁၅ ရက်နေ့က အာရက္ခမီဒီယာနဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ရခိုင်ပြည်နယ်အတွင်းက ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုခဲ့တာရှိပါတယ်။
ကျောက်ဖြူမြို့နယ်မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေကို ကျောက်ဖြူမြို့ ခလရ (၃၄) တပ်ရင်းက အစည်းအဝေးခေါ်ယူပြီး AA ရဲ့ တရားစီရင်ရေးတွေနဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဖို့ ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်း ခဲ့ရာမှာ သူ့အနေနဲ့ ဒီကိစ္စကို မသိသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။