ဂန့်ဂေါ-ကလေး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
2021.06.28
စစ်ကိုင်းတိုင်း ကလေးမြို့ကိုသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကားတန်းကို မနေ့က ဇွန်လ ၂၇ ရက် နေ့လယ် တစ်နာရီလောက်မှာ PDF ကလေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်လို့ စစ်တပ်က ကိုးယောက် သေဆုံးတယ်လို့ PDF Kalay က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
ကလေးမြို့နဲ့ ၁၅ မိုင်လောက်ကွာဝေးတဲ့ ခွေကြိမ်ရွာနဲ့ သံဖိုရွာမှာကြားက လမ်းမှာ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တာလို့ သိရပါတယ်။
ဒီကနေ့မနက် ဆယ့်တစ်နာရီမှာလည်း ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့သလို၊ နေ့လယ် ၃ နာရီမှာလည်း ကလေးမြို့ စုပေါင်းရုံး အနားမှာလည်း ဗုံးတစ်လုံး ပေါက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့တွေ မြို့ပေါ်မှာလည်း အင်အားဖြည့်တင်းထားတယ်၊ စစ်ဆေးရေးတွေလည်း တင်းကျပ်ထားတယ်။ ဒီနေ့ဆိုရင် မြန်မာ့ရှေ့ဆောင်ဘဏ်နား ဗုံးတစ်လုံး ပေါက်တယ်၊ ထိခိုက်ဒဏ်ရာရသူ မသိဘူးဗျ၊ ပေါက်တဲ့နေရာနဲ့ ကျွန်တော်နဲ့က ကိုက် ၁၀၀ လောက်ဝေးတယ်"
အဲဒီပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးခဲ့ပါတယ်။ လူထိခိုက်မှု ရှိ၊ မရှိ ကို RFA က အတိအကျ မသိရသေးပါဘူး။
"PDF တွေရှိတယ်ဆိုပြီး ရှာနေတာပဲ။ သေနတ်တွေနဲ့လည်း ပစ်တယ်"
မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနားက ထောက်ကြန့်နဲ့ ရွာသစ် ကျေးရွာတွေထဲမှာ စစ်တပ်က PDF တပ်ဖွဲ့ဝင်တွေကို ရွာထဲမှာ ရှာဖွေဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"မနေ့က စဝင်တယ်။ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းဂွ၊ ခွေကြိမ်၊ ဟဲလုပ် ရွာတွေကို ဝင်တယ်။ ထောက်ကြန့်က ကိုထွန်းဝေဦး အိမ်ကို ဝိုင်းထားတယ်။ ကိုထွန်းဝေဦးက မရှိဘူး အိမ်မှာကျန်နေတဲ့ သူ့အမျိုးသမီးနဲ့ ၁၂ နှစ်အရွယ် သမီးကို ခေါ်သွားတယ်။ ကလေးကို ရိုက်တာ၊ ပုတ်တာတွေ ရှိတယ်။ သူတို့ခြံထဲကိုလည်း ဝိုင်းတယ်။ PDF တွေရှိတယ်ဆိုပြီး ရှာနေတာပဲ။ သေနတ်တွေနဲ့လည်း ပစ်တယ်။ ကရင်အမျိုးသားမိသားစု ခြံထဲမှာလည်း သူ့မိသားစုကို ဖမ်းထားပြီး ကရင်ကြီးကိုလည်း လမ်းပြအဖြစ်နဲ့ ခေါ်သွားတယ်။ ပြေးရှောင်နေကြရတယ်။ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ မိသားစုလိုက် ပြေးကြရတာတွေ ရှိတယ်"
လက်ရှိမှာ ထောက်ကြန့်ရွာက လေးယောက်ကို ဖမ်းထားသလို၊ စစ်တပ်က ရွာသားတွေကို လမ်းပြခိုင်းပြီး PDF တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို တောနင်းပြီး ရှာနေတယ်လို့လည်း ပြောပါတယ်။
ခုလိုဖမ်းဆီးနေလို့ ဂန့်ဂေါ-ကလေး ကားလမ်းဘေး တောက်လျှောက်က ထောက်ကြန့်၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းဂွ၊ ခွေကြိမ်၊ ဟဲလုပ်နဲ့ သံဖိုစတဲ့ ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ သုံးထောင်လောက် ဟာ ဘေးလွတ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေ ကပြောတယ်။
စစ်ကောင်စီတပ်တွေက PDF တပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်ဖို့အတွက် ဒီရက်ပိုင်းတွေမှာ စစ်ကားအစီး ၆၀ လောက်နဲ့ ရောက်သွားပြီး၊ တပ်ချထားဖို့ ပြင်ဆင်နေသလို လေကြောင်းကနေလည်း ထိုးစစ်ဆင်နိုင်အောင် လေ့လာနေတယ်လို့ ယူဆရတဲ့အကြောင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
"ခုရက်ပိုင်းအတွင်း နှစ်ရက်အတွင်းမှာတင် စစ်ကား ၆၀ လောက်အထိ ရှိမယ်ဗျ။ ဟတ်စကီးနဲ့လည်း အခြေအနေကြည့်တယ် ထင်တယ်ဗျ။ ကလေးမြို့ကနေ တောင်ပေါ်ဘက်ဆိုရင် မင်းတပ်တို့၊ တမူးတို့၊ ချင်းတွင်းမြစ် တစ်လျှောက်မှာလည်း PDF တွေရှိတယ်ဆိုပြီး မင်းကင်းတို့ဘက်တွေဆီမှာလည်း တိုက်ပွဲတွေဖြစ်နေတာဆိုတော့ အကုန်လုံး ဖြန့်ထားမယ်ထင်တယ်။ ကလေးမြို့က စစ်ရေးဗျူဟာ အတော်ကျတယ် ထင်တယ်ဗျ"

ဇွန်လ ၂၆ ရက် စနေနေ့ နေ့လယ်ပိုင်းကလည်း ဂန့်ဂေါကနေ ကလေးမြို့ကို မောင်းလာတဲ့ စစ်ကား အစီးရေ နှစ်ဆယ်ကျော် ပါတဲ့ ယာဉ်တန်းကို PDF Kalay တပ်ဖွဲ့ဝင်တွေက နတ်ချောင်းရွာအနီးက ပန်းမွန်ချောင်း တံတား တောင်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း PDF Kalay က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်တပ်က သေဆုံးထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ဧပြီလကုန်ပိုင်းလောက်ကစပြီး နှစ်လတာအတွင်း တိုက်ပွဲပေါင်း ခုနှစ်ကြိမ် ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ PDF နဲ့ ဒေသခံတွေ အယောက် လေးဆယ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။