အွန်လိုင်းငွေလိမ်မှုနဲ့ ထောင်ချခံရတဲ့ ထိုင်းနိုင်ငံသား ၁၅၀ ကျော် စစ်ကောင်စီလွှဲပြောင်း
2025.01.05

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေကနေ ဖမ်းဆီးထောင်ချခံထားရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦးကို ဇန်နဝါရီလ ၄ ရက်နေ့က တာချီလိတ်မြို့ ထိုင်း-မြန်မာ နယ်စပ်ကတစ်ဆင့် ထိုင်းအာဏာပိုင်တွေထံ စစ်ကောင်စီက ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ ဘန်ကောက်ပို့စ်မှာ ဒီနေ့ဖော်ပြပါတယ်။
အကျဉ်းသားတွေကို ထိုင်းနိုင်ငံ ဆိုက်ဘာမှုခင်းအထူးရဲတပ်ဖွဲ့ (PCT) ရဲ့ ညွှန်ကြားရေးမှူးနဲ့ တခြား ရဲအရာရှိတွေက လွှဲပြောင်းလက်ခံခဲ့တယ်လို့ ဆိုပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြားသော ဆိုက်ဘာရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ဖမ်းဆီးနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းမှုတိုးမြှင့်မဲ့အကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အကျဉ်းထောင် အချုပ်ထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား ၁၈၀ ကို စစ်ကောင်စီက ခံဝန်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။
အဲဒီအထဲ ထိုင်းနိုင်ငံသား အများဆုံးပါဝင်ပြီး သူတို့ဟာ တာချီလိတ်မြို့မှာ အွန်လိုင်းလောင်းကစားနဲ့ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ် မီဒီယာတွေကနေတစ်ဆင့် ပြောထားပါတယ်။