မြန်မာ့တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် လူမျိုးစုရှင်းလင်းမှုမြောက်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံတကာက စွပ်စွဲပြောဆိုထားပေမယ့်၊ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာစစ်တပ် အတွက် လေ့ကျင့်ရေးသင်တန်းပေးတဲ့ အစီအစဉ်တွေ ရှိတယ်လို့ ဂါးဒီးယန်း သတင်းစာက ဖေါ်ပြပါတယ်။
၂၀၁၇-၂၀၁၈ အတွင်း သြစတြေးလျ ကာကွယ်ရေးဌာနအနေနဲ့ မြန်မာစစ်တပ်အတွက် အင်္ဂလိပ်စာ သင်တန်းတွေ အပါအဝင် စစ်ရေးသင်တန်းတွေ ပေးခဲ့ရာမှာ အမေရိကန် ဒေါ်လာ ၄ သိန်းနီးပါး သုံးစွဲမယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ မနှစ်ကထက် ဒေါ်လာ တစ်သိန်း သုံးသောင်းနီးပါး ပိုပြီးများတယ်လို့ ဆိုပါတယ်။
သြစတြေးလျနဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါနဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေ ကတော့ မြန်မာစစ်တပ်နဲ့ အဆက်ဖြတ်ထားတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။