တပ်မတော်က အာဏာသိမ်းတဲ့ ၁၅ ရက်မြောက် ဒီနေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် နေရာ ဒေသ အတော်များများမှာ စစ်တပ်က တင့်ကားတွေ၊ အချုပ်ကားတွေ၊ ရဲကားတွေ အင်အားပြထားပေမယ့် အရင်နေ့တွေကလိုပဲ ပြည်သူတွေအင်တိုက်အားတိုက် ဆက်ပြီး နည်းမျိုးစုံနဲ့ ဆန္ဒပြနေကြပါတယ်။
ရန်ကုန်မြို့မှာတော့ ဆန္ဒပြသူတွေဟာ တရုတ်၊ ရုရှားနဲ့ အမေရိကန်သံရုံးတွေ ရှေ့ကို အဓိကထား သွားရောက် ဆန္ဒပြနေတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ ဆရာဝန်တွေ စုပေါင်းပြီးလည်း တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါ တယ်။
ရန်ကုန်မြို့မှာ မနေ့ညက အင်တာနက်ဆက်သွယ်ရေးတွေဖြတ်လိုက်လို့ လူတွေကြား စိုးရိမ်ပူပန်ခဲ့ကြပေမယ့် ဒီနေ့မနက်ထိတော့ ထူးခြားတဲ့ဖြစ်ရပ် မပေါ်ပေါက်ခဲ့ပါဘူး။ ဒါပေမဲ့ မြို့တွင်းမှာ တပ်မတော်က တင့်ကားတွေ၊ ရဲကားတွေ၊ အချုပ်ကားတွေနဲ့ အင်အားပြတာတွေ ရှိခဲ့ပါတယ်။ ဗဟိုဘဏ်ရှေ့မှာ တပ်မတော်ယာဉ်တန်းနဲ့ အင်အားပြထားပေမယ့် ဆန္ဒပြသူတွေက ဗဟိုဘဏ်ဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုခဲ့ကြ ပါတယ်။
အဲဒီ ဗဟိုဘဏ်ရှေ့ လှုပ်ရှားမှုမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းအပါအဝင် အနုပညာရှင်တွေကလည်း လာရောက်ဆန္ဒပြခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့စီးပွားရေးဘဏ် ရှေ့မှာလည်း အနုပညာရှင်တွေက သွားရောက်ဆန္ဒပြခဲ့ပါတယ်။
မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေ ဒီနေ့ သိန်းချီဆက်ရှိနေပါတယ်။ ဒီနေ့ဆန္ဒပြရာမှာ ကျန်းမာရေး၊ ဆက် သွယ်ရေး၊ ပညာရေးအပါအဝင် အစိုးရဝန်ထမ်းတွေ အတော်များများ ပူးပေါင်းပါဝင်နေတာကို တွေ့ရပါတယ်။ တပ်မတော်ကတော့ ဆန္ဒပြသူ အများအပြားရှိနေတဲ့ မန္တလေးဆေးရုံကြီးအနီးက လမ်းပေါ်မှာ နေရာယူထား တာကို တွေ့ရပါတယ်။ မနေ့ညကတော့ မန္တလေးမြို့အနှံ့ တပ်မတော်ယာဉ်တန်းတွေ လှည့်လည်သွားလာ နေပြီး တနေရာမှာတော့ သေနတ်နဲ့ ရမ်းပစ်သွားတာကို ဒေသခံတွေက တယ်လီဖုန်းနဲ့ရိုက်ပြီး အွန်လိုင်းမှာ တင်ပြထားပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ဒေသခံတွေ သောင်းချီပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့ ဆက်လက် ဆန္ဒပြခဲ့ပါတယ်။ ဘားအံမြို့မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဆန္ဒပြသူတွေကို ဒီနေ့ တားဆီးတာ တွေလည်းရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ ထိပ်တိုက်ရင်ဆိုင်တာမလုပ်ဘဲ အဖွဲ့တွေခွဲပြီး နေရာပြောင်းရွှေ့ ဆက်လက်ဆန္ဒပြတာကို တွေ့ရပါတယ်။ မနေ့ညကတော့ ဘားအံမြို့အတွင်း တပ်မတော်က လုံခြုံရေး ဆောင်ရွက်နေချိန် ဆန္ဒပြခဲ့တဲ့လူငယ်တွေထဲက ၂၀ လောက်ကို ဖမ်းဆီးပြီး ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ သိန်းချီဆက်ရှိနေပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် တခြားအစိုးရဌာနတွေက ဝန်ထမ်းတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
ပုသိမ်မြို့မှာတော့ တပ်မတော်သားတွေ လုံခြုံရေးချထားတာမတွေ့ရဘဲ ရဲတပ်ဖွဲ့လုံခြုံရေးပဲ တွေ့ရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ မနေ့ညကတော့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရုံအနီးမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို မျက်ရည်ယိုဗုံးနဲ့ လူစုခွဲသလို၊ ရာဘာကျည်သုံး သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ တာကြောင့် ဆန္ဒပြသူ တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအချိန်မှာ သတင်းရယူနေ တဲ့ သတင်းသမား ငါးဦးကို ဖမ်းဆီးသွားပြီး ဒီနေ့မနက်မှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့မှာလည်း ပြည်သူ တစ်သောင်းဝန်းကျင်ဟာ နေရာငါးခုမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
ချင်းပြည်နယ် ဟားခါး၊ မင်းတပ်၊ မတူပီ၊ တွန်းဇံနဲ့ တီးတိန်မြို့တွေမှာ ဆန္ဒပြကန့်ကွက်တာကိုတွေ့ရပါတယ်။ အဲဒီမှာလည်း အစိုးရဝန်ထမ်းတွေ ပူးပေါင်းပါဝင်နေပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာလည်း သောင်းနဲ့ချီတဲ့ဆန္ဒပြသူတွေ စစ်အာဏာရှင်အလို မရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လားရှိုးတက္ကသိုလ်နဲ့ တချို့လမ်းတွေကို ပိတ်ဆို့ ထားပါတယ်။