မန္တလေးအခြေစိုက် Mandalay Free Press (MFP) သတင်းဌာန ရုပ်သံထုတ်လုပ်မှုအတွက် အကူအညီပေးနေသူ ကိုအောင်ဇော်ဇော်ဟာ အများပြည်သူ အကျိုးပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က တရားစွဲခံလိုက်ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ဇော်ဇော်ဟာ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီခန့်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာက သူ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဇန်နဝါရီလ ၂၄ ရက်နေ့က ကန့်ဘလူရဲစခန်းကနေတစ်ဆင့် ရုံးထုတ်ရာမှာ မျက်နှာမှာ ရိုက်နှက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မျက်နှာမှာ ဖုယောင်နေတာတော့ တွေ့တယ်။ ရိုက်နှက်စစ်ဆေးခံရတယ်ထင်တယ်။ ကျန်းမာရေးတော့ ကောင်းတယ်။ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတယ်"
ကိုအောင်ဇော်ဇော်ဟာ ဖမ်းဆီးခံရချိန်မှာ ကွန်ပျူတာနဲ့ ဖုန်းတွေပါ သိမ်းဆည်းခံခဲ့ရပါတယ်။
သူဟာ Mandalay Free Press (MFP) သတင်းဌာနမှာ ရုပ်သံ၊ တည်းဖြတ်လုပ်ငန်းကို ကူညီလုပ်ကိုင်နေသူ ဖြစ်ပြီး ရာဝဇတ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားတာမရှိတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့ MFP သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့က တောင်းဆို ထားပါတယ်။
ကိုအောင်ဇော်ဇော်ဟာ မြန်မာ့သတင်းသိပ္ပံ (MJI) ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလက ပိတ်သိမ်းခံခဲ့ရတဲ့ မုံရွာဂေဇက်သတင်းဌာနမှာ တစ်နှစ်ခွဲခန့် လုပ်ကိုင်ခဲ့တဲ့ သတင်းထောက်တစ်ဦးလည်း ဖြစ်ပါတယ်။
အခုတရားစွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) ဟာ အမြင့်ဆုံး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုလည်း ဖြစ်ပါတယ်။