မောင်တောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဆယ်နီးပါးလက်နက်ချ
2024.03.26

မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်အနီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တမန်းသားကျေးရွာအုပ်စု အရှေ့ရခိုင်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဆယ်နီးပါးဟာ မတ်လ ၂၅ ရက်မှာ ရက္ခိုင့်တပ်တော် (AA) ဆီ လက်နက်ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းမှာ အင်အား ၁၂၀ ကျော်ရှိပြီး အရာရှိတွေအပါအဝင် ၃၅ ဦးက စခန်းကို စွန့်ခွာတိမ်းရှောင်ခဲ့ပေမယ့် ကျန်တပ်ဖွဲ့ဝင် ကိုးဆယ်နီးပါးက မတ်လ ၂၅ ရက် နေ့လယ်မှာ လက်နက်ချခဲ့ကြတာလို့ ဒီအကြောင်းကိုသိတဲ့ တမန်းသားရွာ ဒေသခံက ပြောပါတယ်။
"ထွက်ပြေးကြတာက အားလုံး ၃၅ ယောက် ထွက်ပြေးတယ်။ ထွက်ပြေးကြပြီးတော့ စခန်းမှာကျန်ခဲ့တဲ့လူတွေက နေ့လယ်ပိုင်းလောက်မှာ အလင်းဝင်ဖို့အေအေက ပြောလို့ အလင်းဝင်ကြတာ"
စစ်ကောင်စီတပ်စခန်းကို AA က အပြီးသတ်ထိန်းချုပ်ထားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ AA က သတင်းထုတ်ပြန်တာမရှိသေးသလို AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
AA ရဲ့ မတ်လ ၂၄ ရက် ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ တမန်းသားစခန်းကို သိမ်းယူဖို့ကြိုးစားနေသလို အဲဒီစခန်းက တိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံတိုက်ခိုက်ရာမှာ ရုပ်အလောင်းနှစ်ဆယ် ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီစခန်းဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းမှ လာရောက်တပ်စွဲထားတ ာဖြစ်ပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီ တပ်စွဲကတည်းက တိမ်းရှောင်နေကြပါတယ်။
ရခိုင်ပြည်နယ် တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်းမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွေကို AA က သိမ်းယူထားပါတယ်။