လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို HURFOM တောင်းဆို
2024.05.07

စစ်ကောင်စီက စမ်မှုထမ်းဥပဒေအရ လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းပြီး လူ့အခွင့်အရေးချိုးဖောက်နေတာတွေ ရပ်တန့်ဖို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က မေလ ၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
အဓမ္မစစ်သားစုဆောင်းတာဟာ လူ့အခွင့်အရေးနဲ့ မညီတာကြောင့် ရပ်တန့်ဖို့ တောင်းဆိုတာလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။
"စကစ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာဆို သူတို့ရဲ့အကျိုးစီးပွားအတွက် ဖြစ်ပြီးတော့ အချင်းချင်းသတ်ဖြတ်ခိုင်းတဲ့ပုံဖြစ်နေတော့ လူအ့ခွင့်အရေးရဆိုရင် လုံးဝကျူးလွန်နေတာဖြစ်တယ်။ ကျွန်တော်တို့ ကန့်ကွက်တယ်။ ဒီဟာကို လုံးဝရပ်တန့်ဖို့ တောင်းဆိုတာ ဖြစ်တယ်"
စစ်ကောင်စီက စစ်သားစုဆောင်းနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်းက မြို့နယ်တွေက အခြေအနေတွေကို စစ်တမ်းကောက်ပြီး Force to Fight အမည်နဲ့ အစီရင်ခံစာထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက လူငယ် အနည်းဆုံး ၆၀၀ ခန့်ဟာ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်ရေးလေ့ကျင့်တာတွေ လုပ်နေရတယ်လို့ HURFOM ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က တပ်မတော်သင်တန်းကျောင်းကိုလည်း ဧပြီလ ပထမပတ်မှာ သင်တန်းသားသစ် ၂၀၀ ခန့်ရောက်ရှိလာတဲ့အပြင် ဧပြီလ ၂၅ ရက်နေ့ကလည်း နောက်ထပ် သင်တန်းသားသစ် ၂၆၀ ဦး ထပ်မံရောက်ရှိလာတာကြောင့် စစ်ကောင်စီဟာ စစ်သားစုဆောင်းမှုတွေကို အရှိန်မြှင့်လာတာကို ပြနေတယ်လို့ HURFOM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
HURFOM က မြို့နယ် ၁၅ ခုကို ကွင်းဆင်း စစ်ဆေးကောက်ယူခဲ့တဲ့ စစ်တမ်းအရ မွန်ပြည်နယ် မုဒုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကရင်ပြည်နယ် ဘားအံနဲ့ တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်တွေက စစ်မှုထမ်းဖို့ အများဆုံး ဖိအားပေးခံရတယ်လို့ ဆိုပါတယ်။
လူငယ်တွေကို လူသားဒိုင်းအနေနဲ့ စစ်ကောင်စီက အသုံးပြုဖို့ စစ်သားစုဆောင်းနေတာတွေကို လုံးဝ လက်မခံနိုင်ဘူးလို့လည်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ရဲ့ ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။
“လူငယ်တွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့ကို လူသားဒိုင်းသဖွယ် ပုံဖော်နေတာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေကို တိုက်ပွဲဝင်ခိုင်းပြီး သူတို့အကာအကွယ်ယူတဲ့သဘောသာဖြစ်တဲ့အတွက် လုံးဝကျွန်တော်တို့က လက်မခံပါဘူး။ ကန့်ကွက်ပါတယ်။”
စစ်မှုထမ်းဖို့ စာရင်းပါဝင်တဲ့လူငယ်တွေကို စစ်မှုမထမ်းလိုပါက မိသားစုဝင်တွေဆီကနေ ငွေကြေးတောင်းခံတာတွေရှိနေပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံနေရတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းရမှာကနေ လွတ်မြောက်ဖို့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့လူငယ်တွေကို လူသားချင်းစာနာမှုအရ လူမှုကူညီရေးအဖွဲ့တွေက အကူအညီတွေပေးဖို့လည်း တိုက်တွန်းထားပါတယ်။