တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးခွဲမှုစွပ်စွဲချက်နဲ့ ‘ဝ’လူငယ်တစ်ဦး ကြိုးမိန့်ပေးခံရ

2022.06.02
တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးခွဲမှုစွပ်စွဲချက်နဲ့ ‘ဝ’လူငယ်တစ်ဦး ကြိုးမိန့်ပေးခံရ ကြိုးမိန့်သေဒဏ်ပေးခံရသည့် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှ ကိုအိုက်ဆိုင်မိန်း ကို တွေ့ရစဥ်
Photo: Myanmar Military
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ‘ဝ’ တိုင်းရင်းသား လူငယ် ကိုအိုက်ဆိုင်မိန်းဟာ စစ်တပ်ထောက်ခံပွဲမှာ ဗုံးခွဲမှုကျူးလွန် ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တာချီလိတ်ခရိုင် တရားရုံးက ဇွန်လ ၁ ရက် မနေ့က ကြိုးမိန့်သေဒဏ် ပေးခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
 
ကိုအိုက်ဆိုင်မိန်းဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၄ အရ သေဒဏ်နဲ့ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ - ၃၆၈(၁) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
 
"မသေမချင်းကြိုးကွင်းစွပ်သတ်လို့ အမိန့်ချတာ ဟုတ်ပါတယ်။ ကျနော်တို့ ခရိုင်တရားရုံးမှာ စုံစမ်းထားတာပါ။ အမိန့်ချတဲ့ နေရာကို မိသားစုဝင်တွေလည်း မလာနိုင်ဘူး။ သူတို့လည်း ယူကျုံးမရဖြစ်နေလောက်ပြီ။ ဘာမှ သက်သေမရှိဘဲ တွေ့ရာလူ ဆွဲဖမ်းပြီး ဒီလိုအမိန့်ချတဲ့ အပေါ် ကျနော်တို့ တိုင်းရင်းသားတွေ ရင်နာရပါတယ်"
 
ကိုအိုက်ဆိုင်မိန်းနဲ့အတူ ဖမ်းဆီးခံရတဲ့ အသက် ၂၁ နှစ်အရွယ် ကိုထင်လင်းအောင်ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ မနေ့က ထောင် ခုနစ်နှစ် ချမှတ်လိုက် တယ်လို့ သူက ဆိုပါတယ်။
 
စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က တာချီလိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် လေးဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။ ဒီဖြစ်စဉ်နောက်ပိုင်း ကိုအိုက်ဆိုင်မိန်းနဲ့ ကိုထင်လင်းအောင်တို့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
 
မနေ့က အမိန့်ချမှတ်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၄ အရ အနည်းဆုံး ထောင် ဒဏ် ဆယ်နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်ကနေ သေဒဏ်အထိ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၃၆၈ (က) မှာတော့ တစ်ဦးတစ်ယောက်သော သူကို သေဒဏ်ချမှတ်တဲ့အခါမှာ သူ့ကို မသေမချင်း လည်ပင်းကြိုးစွပ်ပြီး သတ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
 
ယခင်က အာဏာသိမ်းစစ်ကောင်စီရဲ့ တရားရုံးတွေက ချမှတ်တဲ့သေဒဏ်အမိန့်တွေမှာ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေနဲ့ ချမှတ်တာအများဆုံးတွေ့ရပြီး အခုဒီအမှုမှာ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ-၃၆၈ (က) နဲ့ ပူးတွဲ ပြီး ကြိုးမိန့်ပေးတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
 
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၃၆၈ (က) နဲ့ ပူးတွဲအမိန့်ချမှတ်တာဟာ သေဒဏ်ကို ကြိုးမိန့်ပေးဖို့အတွက်ဖြစ်တယ် လို့ ပြောပါတယ်။
 
"သေဒဏ်ပဲချချ၊ ကြိုးမိန့်ပဲပေးပေး ခုနစ်ရက်အတွင်း အထက်တရားလွှတ်တော်ကို အယူခံဝင်ခွင့်ရှိပါတယ်။ မိသားစုက အယူခံမဝင်ဘူးဆိုရင်တောင် ကာယကံရှင်ကို မေးပြီး ထောင်အာဏာပိုင်တွေက အယူခံတက်ပေးလို့ ရတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်-၃၆၈ (၁) ဆိုတာက သေဒဏ်ချမှတ်တဲ့အခါမှာ သေဒဏ်ပေးတဲ့အခါမှာ ကြိုးပေးသတ်ဖြတ်ရမယ်လို့ ညွှန်ကြားချက်ဖြစ်ပါတယ်"
 
စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေလ ၁၉ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း ရန်ကုန်မြို့ စစ်ခုံရုံးအသီးသီးကနေ သေဒဏ် အမိန့်ချခံရသူ ၁၁၄ ဦး၊ ထောင် ခုနစ်နှစ်ကနေ ထောင်တစ်သက်အထိ အမိန့်ချခံရသူ ၇၈ ဦး ရှိပါတယ်။
 
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဒဏ်ပေးခံရတဲ့သူတွေကို ပြစ်မှုနဲ့ ပြစ်ဒဏ် တူညီအောင်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဇွန်လ ၁ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
 
ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ အာဏာသိမ်းစစ်ကောင်စီဟာ မျှတမှုမရှိတဲ့ သေဒဏ် စီရင်ချက်တွေနဲ့ လူထုကို ခြိမ်းခြောက်နေတာလို့ ထောက်ပြပြောဆိုထားကြပါတယ်။‌
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။