စစ်ကိုင်းတိုင်းမှာ ငွေသယ်ဆောင်မှုပမာဏ ကန့်သတ်နေလို့ ကုန်သည်တွေ အခက်တွေ့
2021.04.26
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ လမ်းပေါ်သွားလာနေသူတွေကို ရပ်တန့်စစ်ဆေးရာမှာ ငွေကြေး အမြောက်အများပါလာရင် သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ်စီစစ်နေပါတယ်။ တဘက်မှာလည်း အွန်လိုင်း ငွေပေးငွေယူစနစ် ပျက်နေတဲ့အတွက်၊ ငွေအလုံးအရင်းနဲ့ လုပ်ကိုင်နေရတဲ့ နယ်ကုန်သည်တွေ အခက်အခဲ တွေ့နေပါတယ်။
စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး ငွေအမြောက်အများ သယ်ခွင့်မပြုဘဲ ကန့်သတ်နေလို့ ကုန်ရောင်းကုန်ဝယ်ကိစ္စတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုန်ဝယ်ဖို့ ငွေ ၁၈ သိန်းနဲ့ မြို့ပေါ်သွားတဲ့အခါ လမ်းမှာစစ်ဆေးတဲ့တပ်ဖွဲ့က လူတစ်ယောက်ကိုငွေ ငါးသောင်း ပဲ ကိုင်ရမယ်လို့ ပြောတာကြောင့် ကုန်ဝယ်ဖို့ငွေဖြစ်တဲ့အကြောင်း တောင်းပန်ပြောဆိုခဲ့ရတယ်လို့ စစ်ကိုင်း တိုင်း ယင်းမာပင်မြို့နယ်က ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တိုင်းကို ဂိတ်တွေထား စစ်ဆေးနေပြီး ကားတစ်စီးလုံးကို စိတ်ကြိုက် မွှေနှောက် ရှာဖွေတာတွေလုပ်နေတာလို့ ဆိုပါတယ်။
ကုန်သည်လုပ်ငန်းရှင်တွေဟာ အရင်က ငွေကြေးကို အင်တာနက်အွန်လိုင်းကနေပဲ ပေးချေခဲ့ကြပြီး ငွေလုံး ငွေရင်းနဲ့ကိုင်ဆောင် သွားလာတာမျိုးမရှိခဲ့ပါဘူး။
အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက တယ်လီဖုန်း မိုဘိုင်းအင်တာနက်တွေဖြတ်ပြီး၊ ဝိုင်ဖိုင်အင် တာနက် ကို ကန့်သတ်လိုက်တာကြောင့် ကျေးလက်ဒေသတွေမှာ အဓိက အသုံးပြုနေတဲ့ K pay ၊ Wave pay စတဲ့ အွန်လိုင်းကနေ ငွေပေးငွေယူစနစ် လုံးဝပြတ်တောက်သွားခဲ့ပါတယ်။
ဒါကြောင့် ကုန်သည်တွေဟာ ငွေလုံးငွေရင်းကိုင်ပြီး သွားလာနေကြရတဲ့အပေါ် စစ်တပ်က တားဆီး စစ်ဆေး နေတဲ့အတွက် လုပ်ငန်းတွေ မလုပ်ရဲအောင် ရပ်တန့်နေရတယ်လို့ မုံရွာမြို့က လုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေက အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတာကြောင့် ဘဏ်တွေအားလုံးနီးပါး ပိတ်ထားရဆဲဖြစ်ပါတယ်။
ပြည်သူတွေအဓိကအသုံးပြုနေရတဲ့ အေတီအမ်ကတ်ကနေ ငွေထုတ်ခွင့်ကိုလည်း တစ်ကြိမ်မှာ ၂ သိန်း ကန့်သတ်ထားပါတယ်။
စစ်ကောင်စီက ငွေကြေးစီးဆင်းမှုကို အဓိကကန့်သတ်နေတာဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က CDM လှုပ်ရှားမှုမှာပါတဲ့ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့မှာ စိုးရိမ်လို့ ဖြစ်တဲ့ အကြောင်း အမည်မဖော်လိုတဲ့ ကျေးလက် CRPH အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
အခုလို စစ်တပ်က ပြုမူဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကခန့်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
အခုဆိုရင် တချို့ကုန်သည်တွေက ငွေအပေးအယူကို ဟိုးအရင် စစ်အစိုးရခေတ်တွေကလို ဟွန်ဒီစနစ်ကို ပြန်အသုံးပြုနေရပါတယ်။
ဟွန်ဒီစနစ်ဆိုတာ မြို့တစ်မြို့နဲ့တစ်မြို့ တရားမဝင် ငွေပို့ငွေလွှဲတာဖြစ်ပြီး ကျပ်တစ်သိန်းကို ဝန်ဆောင်ခ လေးထောင်နှုန်းလောက် ပေါက်ဈေးရှိနေပါတယ်။