လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်
2024.05.30

ကယားပြည်နယ်မြို့တော် လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က အင်အားငါးရာခန့် အသုံးပြုပြီး ထိုးစစ်ဆင်နေတာကြောင့် မေလ ၃၀ ရက် ဒီနေ့မနက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ လွိုင်ကော်၊ မိုးဗြဲ၊ ဆီဆိုင် လမ်းခွဲနေရာအထိ နေရာယူထားပြီလို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက ပြောပါတယ်။
“အဲဒီလမ်းဆုံမှာ အရင်စစ်ကောင်စီဂိတ်ရှိခဲ့တာကို တစ်လေးလုံးစစ်ဆင်ရေးမှာ ကျွန်တော်တို့သိမ်းထားတာပေါ့။ အခုစစ်ကောင်စီက အဲဒီလမ်းဆုံနေရာကို ပြန်ထိုင်သွားတယ်။ သူတို့ ရှမ်းပြည်တောင်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ မတ်လကတည်းက အဲဒီလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နေတာ။ မြို့ပေါ်မှာလည်း သူတို့ လှုပ်ရှားစစ်ကြောင်းတွေနဲ့ လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်နေတယ်”
ဆီဆိုင်မြို့ကနေ လွိုင်ကော်မြို့ကို ဦးတည်လာနေတဲ့စစ်ကြောင်းကို မြို့တွင်းမှာ အရင်ကတည်းက ကျန်နေသေးတဲ့ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေကလည်း သွားရောက်ပူးပေါင်းဖို့ လုပ်ဆောင်နေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့က စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့အတွင်းက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားနေရးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ကယားပြည်နယ်က တစ်လေးလုံး စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့ရဲ့ နေရာအများစုကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။