စစ်ကောင်စီတပ်ထုတ်ကုန်တွေ တင်ရောင်းဖို့ City Mart နဲ့ အရောင်းဆိုင်တွေ ဖိအားပေးခံရ
2023.09.12

စစ်ကောင်စီပိုင် မြန်မာဘီယာ၊ အရက်နဲ့ ဆေးလိပ်အပြင် Mytel ဆင်းကတ်တွေပါ ဆိုင်ပေါ်တင်ရောင်းချဖို့ စစ်ကောင်စီတပ်ဘက်က ဖိအားပေးလာတာကြောင့် ဆိုင်ပေါ်မှာ ပြန်တင်ရောင်းနေရတယ်လို့ အရက်ဘီယာ ရောင်းချခွင့်ရထားတဲ့ အေးဂျင့်ဆိုင်တချို့နဲ့ စျေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်ထုတ်ကုန်တွေအားလုံး အရောင်းမဝယ်မလုပ်ကြဘူးဆိုပြီး ပြည်သူအများစုက သပိတ်မှောက်ထားကြတာပါ။
အဲဒီပစ္စည်းတွေကို ဆိုင်တွေမှာပြန်ရောင်းချနိုင်ဖို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ ရဲနဲ့ စည်ပင်တို့ကို စစ်ကောင်စီတပ်က ကြေးနန်းစာနဲ့ အမိန့်ပေးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဥက္ကလာပမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။
"ရပ်ကွက်၊ မြို့နယ်အလိုက် စျေးဆိုင်တွေ၊ ကုန်တိုက်တွေ၊ မီနီမတ်တွေအားလုံးမှာ သူတို့တပ်ကထုတ်ထားတဲ့ ပစ္စည်းတွေ ရောင်းချတာ ရှိ၊ မရှိ စစ်ဆေးရမှာ။ အဲဒါ အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့ကို တာဝန်ပေးထားတယ်။ အရက်၊ ဘီယာ၊ ဆေးလိပ်တင်မဟုတ်ဘူး။ Mytel ဆင်းကတ်တွေပါတော့ ဖုန်းဆိုင်တွေပါ ဝင်စစ်ရမှာ။ နောက်ရောက်လာတဲ့ကြေးနန်းစာထဲမှာ စားအုန်းဆီရောင်းတဲ့ဆိုင်တွေလည်းပါတယ်။ အထက်ကသတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်း ရောင်းမရောင်းပေါ့။ မရောင်းတဲ့ဆိုင် အရေးယူမယ်တဲ့"
အာဏာသိမ်းပြီးကတည်းက တပ်ထုတ်ကုန်ပစ္စည်းတွေ ဆိုင်ပေါ်မှာတင်မရောင်းခဲ့တဲ့ City mart ဆိုင်တွေမှာလည်း စက်တင်ဘာလ ၁၁ နေ့ကစပြီး မြန်မာဘီယာတွေ ပြန်တင်နေတာတွေ့ရတယ်လို့ City mart ဆိုင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"ဘာကြောင့် ပြန်တင်တာလဲတော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ မနေ့ကစပြီး ဘီယာကောင်တာမှာ တင်ထားတာတွေ့မိတယ်၊ မနေ့ကလည်း ဝယ်တဲ့သူမရှိဘူး၊ ဒီနေ့လည်း ဝယ်တဲ့သူမတွေ့သေးဘူး၊ ဖုန်းတွေနဲ့ ဓာတ်ပုံတွေ ရိုက်ရိုက်သွားတာပဲ တွေ့မိတယ်၊ ဘာလို့တင်ရောင်းတာလဲ၊ ဘယ်အချိန်က စတင်တာလဲ မေးတဲ့သူတွေလည်း ရှိတယ်"
သာကေတမြို့နယ်က အရက်ဘီယာအေးဂျင့် ဆိုင်ရှင်တစ်ဦးကတော့ နီးရာဓား ကြောက်ရတဲ့ ခေတ်ဖြစ်နေလို့ တင်ပေးထားတာသာဖြစ်ပြီး စားသုံးသူတွေကိုတော့ အားနာတယ်လို့ RFA ကို ပြောပါတယ်။
"ကျွန်တော်တို့က တင်ရောင်းဆို တင်ပေးလိုက်မှာပဲ။ ဒီအချိန်က အရက်၊ ဘီယာပဲ ရောင်းကောင်းတာ။ ခေါင်းမာပြီး ရဲရဲသွေးပြနေလို့မရဘူး၊ နီးရာဓားကြောက်ရမှာ။ ရွေးချယ်စရာ နည်းလမ်းလည်းမရှိဘူး။ လာဝယ်တဲ့သူတွေက မြန်မာဘီယာရှိလားမေးပြီး ဝယ်မသောက်ကြပါဘူး။ အရက်ဘီယာသမားတွေက နားလည်ကြပါတယ်။ ဝယ်သောက်မှာလည်း မဟုတ်ပါဘူး"
စစ်ကောင်စီတပ်ဟာ သူတို့တပ်ထုတ်ကုန်ပစ္စည်းတွေ ဆိုင်ပေါ်တင်မရောင်းရင် အရေးယူမယ်လို့ ဆိုင်ရှင်တွေကို ဖိအားပေးထားသလို တစ်ဖက်မှာလည်း စစ်တပ်ထုတ်ကုန် ပစ္စည်းတွေ ဆိုင်တွေမှာတင်ရောင်းတာတွေ့ရင် အရေးယူသိမ်းဆည်းပြီးဖျက်ဆီးမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာထားတာလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း စားသောက်ဆိုင်အချို့ကို မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေ ရောင်းမပေးတဲ့ အတွက် အကြမ်းအားပေးမှုမြောက်တဲ့ဆိုင်တွေလို့ စွပ်စွဲပြီး ရေးသားနေကြပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ မြန်မာဘီယာအပြင် ဒဂုံအမည်နဲ့ အရက်၊ ဘီယာ၊ အချိုရည်၊ Andaman Gold အမည်နဲ့ အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ မန္တလေးရမ်၊ အာမီရမ် စတာတွေအပြင် Red Ruby ဆေးလိပ်နဲ့ Premium Gold ဆေးလိပ်တွေကိုပါ စျေးကွက်ထဲမှာ ဖြန့်ချိရောင်းချနေပါတယ်။