စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲရေး ရန်ကုန်မှာ လှုပ်ရှား

ရန်ကုန်မြို့ တစ်နေရာတွင် "ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ဆိုသည့် ဘန်နာ ချိတ်ဆွဲထားသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်မြို့ တစ်နေရာတွင် "ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်" ဆိုသည့် ဘန်နာ ချိတ်ဆွဲထားသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Mayangone Democratic Front)

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ "ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်" ဆိုတဲ့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးလှုပ်ရှားမှုအနေနဲ့ ဘန်နာချိတ်ဆွဲခြင်း၊ ပိုစတာကပ်ခြင်းလှုပ်ရှားမှုကို ဩဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ လူစည်ကားတဲ့နေရာတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကြည့်မြင်တိုင် Network နဲ့ Mayangone Democratic Front (MDF) အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ PDF၊ EROs ရဲဘော်တွေလို လက်နက်ကိုင်တိုက်ပွဲမဝင်နိုင်ပေမယ့် တိုက်ပွဲဝင်ရဲဘော်တွေကို အကြမ်းဖက်စစ်တပ်က ပစ်မယ့် လက်နက်ဖိုး၊ ကျည်ဆန်ဖိုး၊ လေယာဉ်ဆီဖိုးတွေ မပေးမိဖို့လိုတာကြောင့် စစ်တပ်ရဲ့ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနဲ့ ဖြတ်တောက်ပေးဖို့ တိုက်တွန်းတဲ့လှုပ်ရှားမှု ဖြစ်ကြောင်း Mayangone Democratic Front (MDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူလူထုအနေနဲ့ ဆန့်ကျင် သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူပြီးနောက်ပိုင်း ဒေါ်လာစျေး၊ ရွှေစျေးနဲ့ အိမ်ခြံမြေစျေးကွက်တွေ စျေးနှုန်းမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်က စစ်ကောင်စီရဲ့ ဒေါ်လာ တစ်သန်းကျော် ထုတ်ဖို့ ကြိုးစားတာကို အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို လိုက်နာဖို့အတွက် စစ်ကောင်စီရဲ့ ဘဏ်ငွေစာရင်းတွေကို ထိန်းချုပ် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။