တန့်ဆည်မြို့က NLD အမတ်နေအိမ်တွေ စစ်တပ် ချိတ်ပိတ်
2021.11.02

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့ နေအိမ်တွေကို နိုဝင်ဘာလ ၂ ရက် ဒီနေ့ကစပြီး စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းနေအိမ်နဲ့ အမှတ် (၁) တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေရဲ့နေအိမ်တွေကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်ခဲ့တာလို့ တန့်ဆည်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်ပေါ်မှာရှိနေတဲ့သူတွေ အကုန်ဆင်းခိုင်းပြီး ချိတ်ပိတ်လိုက်တာ၊ လွှတ်တော်အမတ်တွေကတော့ ရှောင်နေတာကြာပြီ၊ သူတို့က ၂၀၁၅ ရော ၂၀၂၀ ရော ရွေးကောက်ပွဲ နှစ်ဆက်လုံး အနိုင်ရအမတ်တွေ” လို့ ဒေသခံက ဆိုပါတယ်။
နိုဝင်ဘာလ ၁ ရက် မနေ့ညနေပိုင်းကလည်း အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးရဲ့နေအိမ် ချိတ်ပိတ်ခံခဲ့ရပါတယ်။
နေအိမ်ကို ချိတ်ပိတ်တဲ့အကြောင်း လာရောက်ချိတ်ဆွဲထားတဲ့စာမှာတော့ အဲဒီအဆာက်အအုံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ အဆက်အသွယ်ရှိနေတာကြောင့် နိုင်ငံတော်ပိုင် သိမ်းဆည်း လိုက်တာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းတဲ့လုပ်ရပ်တွေကို မိမိနေအိမ် ဒါမှမဟုတ် အိမ်ငှားပြီးလုပ်နေတာကြောင့် အဲလိုအခြေအနေဆိုရင်တော့ သိမ်းဆည်းရလိမ့်မယ်လို့ ပြည်ထဲဝန်ကြီးဌာနက ပြောပြီးဖြစ်ကြောင်း RFA ကို ပြန်လည်ဖြေဆိုထားပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာက NLD ပါတီဝင် ငါးဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းရဲ့ နေအိမ်နဲ့ ဧရာဝတီတိုင်းဝန်ချုပ်ဟောင်း မန်းဂျော်နီရဲ့ နေအိမ်တွေလည်း ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။