NLD ပါတီဝင် ၅၀ ကျော်တို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံထားရ

ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကို စစ်ကောင်စီရဲ့ ချိတ်ပိတ် ခံထားရသူပေါင်း ၅၅ ယောက်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD Central Working Committee က ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၅ ရက်အထိ NLD ပါတီဝင်တွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝန်းရံသူတွေရဲ့ ချိတ်ပိတ်ခံထားရတဲ့ နေအိမ် အဆောက်အအုံတွေကို စာရင်းပြုစုထားတဲ့ NLD Central Working Commette က နိုင်ဝင်ဘာ ၂၉ ရက် မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ နဲ့ စွပ်စွဲခံထားရပြီး တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ချက် မချသေးခင် ပိုင်ဆိုင်မှုနေအိမ် အဆောက်အအုံတွေကို စစ်ကောင်စီက ချိတ်ပိတ် အရေးယူတာတွေလုပ်ပြီး ချိတ်ပိတ်လိုက်တဲ့ အိမ်ထဲ ဝင်ရောက်နေထိုင်ခြင်းမပြုရလို့ အသံချဲ့စက်ကနေအော်ကာ သတိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေထဲ ဥပဒေမဲ့ဝင်ပြီး ပစ္စည်းတွေ သိမ်းယူသွားတာ၊ မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တချို့ NLD ပါတီဝင်တွေရဲ့ ကုမ္ပဏီလုပ်ငန်းတွေထဲက ဘက်ဟိုးကား၊ အိမ်စီးကား၊ ဆိုင်ကယ်၊ မီးစက်၊ မြက်ရိတ်စက်တွေ အပါအဝင် အိမ်မှာမွေးထားတဲ့ ကြက်၊ ဘဲ တွေကိုပါ ယူသွားကြတယ်လို့ ဖော်ပြထားပါတယ်။