ရုရှားအာကာသပညာနဲ့ စစ်ခေါင်းဆောင်ရဲ့ အာကာသစိတ်ကူး

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.07.16
ရုရှားအာကာသပညာနဲ့ စစ်ခေါင်းဆောင်ရဲ့ အာကာသစိတ်ကူး ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်
Reuters

မော်စကိုမှာကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံတက်ရောက်ဖို့ ရုရှားကို မနှစ်က ဇွန်မှာ တရားဝင် ခရီးသွားခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တစ်နှစ်အကြာမှာ အလွတ်သဘော ထပ်မံ သွားရောက်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းပြီး ဒုတိယအကြိမ်မြောက် ရုရှားခရီးစဉ် ဖြစ်ပါတယ်။ မနှစ်က ခရီးမှာ စစ်လက်နက် ပစ္စည်းကိစ္စ အလေးပေးပြီး ခုခရီးစဉ်အတွင်း ရုရှားအာကာသနဲ့ နျူကလီးယားဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်မယ် ကြေညာပြီးချိန်၊ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရပြီးချိန်၊ သီရိလင်္ကာ အစိုးရ နုတ်ထွက်ချိန်၊ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေ မကြုံစဖူး ငွေကြေးဖောင်းပွချိန်၊ ယူကရိန်းကို ရုရှားစစ်ကျူးကျော်တိုက်ခိုက်ချိန်၊ စစ်ပြေးဒုက္ခသည်တွေ တိုးပွားချိန်၊ လောင်စာဈေးတက်ချိန်၊ ကမ္ဘာ့စီးပွားရေး ကျဆင်းချိန် စတဲ့ အကျပ်အတည်းတွေ ဆုံချိန်မှာ အာဏာရှင်စနစ် ကျင့်သုံးတဲ့ ရုရှားကို သွားရောက်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

၁၉၄၇ က ၁၉၉၁ ထိ သတ်မှတ်တဲ့ ပထမစစ်အေးခေတ်လွန် ခု ၂၁ ရာစုမှာ ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန်-တရုတ် ဆက်ဆံရေး အဖုအထစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရုရှား-အမေရိကန် ဆက်ဆံရေး မပြေလည်မှု၊ ယူကရိန်းစစ်၊ ထိုင်ဝမ်အရေး စတာတွေကြောင့် ၂၁ ရာစု စစ်အေးခေတ်ကို ဝင်ရောက်လာပြီလို့ ပညာရှင်တွေက ခိုင်းနှိုင်းကြချိန်မှာ စစ်အာဏာသိမ်းခေါင်းဆောင်က ကျူးကျော်စစ်ဆင်နွှဲတဲ့ အာဏာရှင်တိုင်းပြည်ကို တရားဝင်မဟုတ်ဘဲ အလွတ်သဘော သွားရောက်တာလည်း ဖြစ်ပါတယ်။

ဒါတင်မက မြန်မာနိုင်ငံကို အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အထူးကိုယ်စားလှယ် လာရောက်ပြီးချိန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်ပြီးတဲ့နောက် ရုရှားကို စစ်ခေါင်းဆောင် သွားရောက်တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ မနှစ်က စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံရောက်လာချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဒီနှစ်ဇူလိုင်ထဲ ရောက်လာချိန်မှာတော့ မတွေ့ဆုံပါဘူး။ စစ်အာဏာသိမ်းတဲ့ကိစ္စမှာ တရုတ်က မယုတ်မလွန် အနေအထားက ရပ်တယ်လို့ တချို့အကဲခတ်တွေက ရှုမြင်ကြပြီး နိုင်ငံရေးလေ့လာသူ စိုင်းထွန်းအောင်လွင် သုံးသပ်ကတော့

“တရုတ်လိုနိုင်ငံမျိုးက နိုင်ငံခြားရေးဝန်ကြီးလာတယ်။ ဘာပဲပြောပြော သူသူကိုယ်ကိုယ် သမ္မတတွေ၊ ဘာတွေက တွေ့ချင်တာပေါ့နော်။ ဒီမှာတော့ စစ်ခေါင်းဆောင်တွေနဲ့ တွေ့မသွားဘူး။ အဲဒါတွေနဲ့တော့ ကွာတာပေါ့၊ စီးပွားရေးအရ အဲဒီဘက်ကို မှီခိုတာပေါ့လေ၊ တစ်ဖက်က စီးပွားရေးတို့၊ ငြိမ်းချမ်းရေးကိစ္စတို့မှာ မှီခိုချင်တာပေါ့လေ။ စစ်ရေးကတော့ ရုရှားဘက်လုပ်တာကြာပြီ၊ အဲဒီဘက်ကို တော်တော်များများ ရွှေ့ထားတာလည်းကြာပြီ။ အဲဒီသဘောတော့ ရှိမယ်နဲ့တူတယ်”

ရုရှားဘက်ခြေဦးလှည့်တဲ့ စစ်ကောင်စီဥက္ကဋ္ဌဟာ ခုခရီးစဉ်မှာ အစိုးရပိုင် Roscosmos အာကာသ ကော်ပိုရေးရှင်းသွားတဲ့ အစီအစဉ်ပါရှိပြီး၊ ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံချိန်မှာ သိပ္ပံနဲ့နည်းပညာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ ဆွေးနွေးပါတယ်။

ဇူလိုင် ၁၂ ရက်မှာတွေ့ဆုံခဲ့ပြီး ၁၅ ရက်မှာ သူနဲ့ တွေ့ဆုံခဲ့တဲ့ အာကာသရေးရာညွှန်ကြားရေးမှုုးချုပ် Dmitry Rogozin ကို ရုရှားခေါင်းဆောင် ပူတင်က ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ပထမကမ္ဘာစစ်မတိုင်ခင် ရုရှားအင်ပါယာခေတ်ကတည်းက အာကာသကို စူးစမ်းရေးသီအိုရီနဲ့ ပတ်သက်ပြီး ဒုံးပျံပညာရှင် Konstantin Tsiolkosky က စိတ်ကူးယဉ်ခဲ့ပြီး စာတမ်းတွေ ရေးသားခဲ့ပါတယ်။ ၁၉၃၅ မှာ မကွယ်လွန်ခင် တွန်းကန်အားနဲ့ ဒုံးပျံလွှတ်တင်တဲ့ သဘောတရားကို ၁၉၂၉ မှာ တင်ပြခဲ့ပါတယ်။

သူ့သီအိုရီကို အခြေခံပြီး ၁၉၅၅ ခုနောက်ပိုင်းမှာ ဒုံးပျံနဲ့ အာကာသအစီအစဉ်တွေကို ဆိုဗီယက် အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေက ဖော်ဆောင်နိုင်တဲ့ သက်သေက ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တု Suptnik-1 ကို ၁၉၅၇ မှာ လွှတ်တင်နိုင်တာပဲ ဖြစ်ပါတယ်။

၁၉၆၉ မှာ Apollo 11 အာကာသယာဉ်နဲ့ အမေရိကန်က လပေါ် လူ ပထမဆုံးဆင်းသက်နိုင်ပေမဲ့ ကမ္ဘာ့ပြင်ပ အာကာသဟင်းလင်းပြင်ကို ပထမဆုံးရောက်ရှိတဲ့ လူသားက ရုရှားအာကာသယာဉ်မှူး Yuri Gagarin ဖြစ်ပါတယ်။ ၁၉၆၁ မှာ ဂါဂါရင်က အာကာသထဲ အရင်ရောက်သွားတဲ့အတွက် စစ်အေးခေတ်မှာ ပြိုင်ဘက် အမေရိကန်ကို ရုရှားကသာတဲ့ ဖြစ်ရပ်လို့ ဆိုစမှတ် ရှိပါတယ်။

အမျိုးသမီးအာကာသယာဉ်မှူးတွေထဲ ရုရှားက Valentina Tereshkova က အာကာသထဲ ၁၉၆၃ မှာ ပထမဆုံးရောက်သူလည်း ဖြစ်ပါတယ်။

ဒီလို အာကာသစူးစမ်းရှာဖွေရေးမှာ ရှေ့ပြေးဖြစ်ခဲ့တဲ့ ရုရှားကိုရောက်ခိုက် အစိုးရပိုင် Roscosmos အာကာသ ကော်ပိုရှင်းကို သွားရောက်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စိတ်ကူးနဲ့ပတ်သက်လို့

“တစ်ခုတော့ရှိတယ်ပေါ့။ modernization ခေတ်နဲ့အမီလိုက်တာလို့ ခေါ်တာပေါ့နော်။ သင်္ဘောကြီးတွေ ဝယ်တာတို့၊ IT နည်းပညာသင်တန်းသားတွေ ဘယ်လောက်လွှတ်တာတို့၊ အဲဒါက modernization၊ တပ်မှာ ဂျပန်တို့၊ ဘာတို့ မေဂျီဘုရင်ခေတ်မှာလိုမျိုး စိတ်ကူးယဉ်ကြည့်တာ။ ဒါပေမဲ့ ခေတ်က အဓိက အရေးကြီးတဲ့ နိုင်ငံအတွင်းမှာ stability တည်ငြိမ်မှုမရှိရင် အဲဒီတည်ဆောက်ရေးလုပ်လို့မရဘူး။ hard power ကာကွယ်ရေး စွမ်းအား တည်ဆောက်ပြီးမှ လိုက်မလုပ်နိုင်ရင်၊ ဥပမာ-အိန္ဒိယနဲ့ ပါကစ္စတန်လိုပေါ့၊ အိန္ဒိယက ဗုံးတစ်လုံးပစ်ရင် ပါကစ္စတန်ကလည်း ဗုံးတစ်လုံး ခုက်ပစ်တာပဲ၊ ဒါပေမဲ့ တည်ဆောက်ရေးမှာတော့ ပါကစ္စတန်က မအောင်မြင်ဘူး”

နိုင်ငံခေတ်မီဖို့ ပထမကမ္ဘာစစ်မတိုင်ခင်ကတည်းက အာကာသကို စူးစမ်းဖို့ ရုရှားက ကြံစည်ခဲ့တာပါ။ ရုရှားကို စစ်ပညာတော်သင်တွေ စေလွှတ်တဲ့ မြန်မာနိုင်ငံမှာတော့ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကို မိတ္ထီလာမှာ ၂ဝဝ၂ ကမှ စတင်ဖွင့်လှစ်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။