ဆန္ဒပြလှုပ်ရှားသူတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းမှုတွေ ဆက်ရှိ
အာဆီယံအသင်းရဲ့ အထူးအစည်းအဝေးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအစည်းအဝေး ကျင်းပတဲ့နေ့ ကစလို့ အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်းဆုံး သုံးယောက် ရှိခဲ့တာပါ။
-
နန္ဒာချမ်း(ဝါရှင်တန် ဒီစီ)
2021-04-25 -
-
-
အာဆီယံအသင်းရဲ့ အထူးအစည်းအဝေးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စစ် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအစည်းအဝေး ကျင်းပတဲ့နေ့ကစလို့ အာဏာပိုင်တွေရဲ့ ဖြိုခွင်း မှုကြောင့် သေဆုံးသူ အနည်းဆုံး သုံးယောက် ရှိခဲ့တာပါ။
အာဆီယံအသင်းရဲ့ မြန်မာ့အရေး အရေးပေါ်ဆွေးနွေးတဲ့ စနေနေ့မှာ စစ်တပ်နဲ့ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုကောင်းထက်နိုင် သေဆုံးသွား ကြောင်း မိသားစုက ဒီနေ့ပဲ RFA ကို အတည်ပြုပါတယ်။
သေနတ်ဒဏ်ရာနဲ့ လဲသွားတဲ့ ကိုကောင်းထက်နိုင်ကို ရဲက ကားပေါ်ဆွဲတင်သွားပြီးနောက် လိုက်လံစုံစမ်းရာမှာ ကြာနီကန်သုဿာန်မှာ မီးသင်္ဂြိုဟ်လိုက်ပြီဆိုတာကို သိခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုကောင်းထက်နိုင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“အခင်းဖြစ်ပြီး လွတ်လာတဲ့ကောင်လေးက မှောက်လဲသွားတာက ကျွန်တော့ရဲ့ညီဆိုပြီးတော့ ကျွန်တော့ အိမ်ကို လှမ်းပြောတယ်။ အဲနေရာမှာကျန်ခဲ့တဲ့ဖိနပ်ကလည်း ကျွန်တော့ညီရဲ့ဖိနပ်ပဲ။ ရဲစခန်းတို့၊ ဆေးရုံ တို့ကိုသွားမေးတယ်။ အကုန်လုံးက မရှိဘူးလို့ပြောတယ်။ နောက်ဆုံးမှာ သူတို့အတွင်းထဲက လူကြီး တစ်ယောက် ကတော့ မီးသင်္ဂြိုဟ်လိုက်ပြီလို့ ပြောလာတယ်”
ကိုကောင်းထက်နိုင်အတွက် သက်ပျောက်ဆွမ်း မိသားစုက ဒီကနေ့ လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။
မန္တလေး မဟာအောင်မြေမြို့နယ်မှာ မနေ့က စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး အသက် ၂၀ ကျော်အရွယ် ကိုမင်းသန့်မောင်မောင်ဆိုတဲ့ လူငယ်တစ်ဦးဟာလည်း ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။
နေပြည်တော် ပျဉ်းမနားမြို့ သဲကျွန်းရပ်ကွက်မှာလည်း မနေ့ နေ့လည် ၁ နာရီကျော်လောက်က စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ရှေ့ကပိတ်ဆို့ပြီး ဖြိုခွင်းပစ်ခတ်ခဲ့တာကြောင့် အသက် ၅၆ နှစ်အရွယ် ဦးနှင်းဦးဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင် သူတွေက ပြောပါတယ်။
ရုပ်အလောင်းကိုတော့ စစ်တပ်နဲ့ရဲက ကားပေါ်တင်ပြီး နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်လိုက်တယ်လို့လည်း သပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်သူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်အပေါ် လမ်းပေါ်ထွက် ဆန္ဒပြသူတွေရှိသလို အိမ်မှာနေရင်း သံပုံးတီးတာ အပါအဝင် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုလည်း အာဏာပိုင်တွေ ဆက်လက် ဖြိုခွင်းနေတာပါ။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာလည်း ထိန်းသိမ်းထားစဉ် သေဆုံးသူတွေ ရှိနေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် တောင်ရပ်ကွက်မှာဆိုရင် ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က) နဲ့ အမှု ဖွင့်ခံထားရတဲ့ အမျိုးသမီး နှစ်ယောက် မနေ့ကအဖမ်းခံခဲ့ရပြီး အဲဒီအထဲက ဒေါ်ကြည်ဝင်းဆိုတဲ့ အမျိုးသမီး တစ်ဦးဟာ ရဲစခန်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒေါ်ကြည်ဝင်းနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးကို အရပ်ဝတ်နဲ့ရဲတွေက ဆိုင်ကယ်တွေနဲ့ လာရောက် ဖမ်းသွား ပြီး မကြာခင်မှာပဲ ဒေါ်ကြည်ဝင်းဟာ ရဲစခန်းမှာ သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သံပုံးတီးတဲ့သူ ၁၀ ယောက်ကိုသူတို့က ၅၀၅(က)နဲ့ အမှုဖွင့်ထားတာ။ မနေ့က အဖမ်းခံရတဲ့နှစ်ယောက်က မနေ့ကမှ အိမ်ကိုပြန်ရောက်လာတာ။ အဲဒါကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက စခန်းကိုတင်ပြရတော့ အဲဒီမှာ လာဖမ်းသွားတာ။ ဖမ်းတာကတော့ အိမ်ကို အရပ်ဝတ်နဲ့လာပြီးဖမ်းတာဗျ။ ကားနဲ့လာမဟုတ်ဘူး ဆိုင်ကယ်တွေနဲ့ လာကြတာ။ သူတို့နှစ်ယောက်စလုံးဖမ်းသွားပြီးမှ ဒေါ်ကြည်ဝင်း ကတော့ စခန်းထဲ ရောက်သွားပြီးမှ သေတာဗျ”
ဒေါ်ကြည်ဝင်းရဲ့ ရုပ်အလောင်းကို မုံရွာဆေးရုံကြီးမှာ စစ်ဆေးပြီး ဒီမနက်မှာ မိသားစုက ထုတ်ယူခွင့်ရခဲ့ပြီး လက်ချောင်းတွေကျိုးနေတာ၊ ဦးခေါင်းခွံပျော့နေတာ၊ မျက်နှာတစ်ခြမ်း ဖူးယောင်နေတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ် တောင်ရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပုဒ်မ-၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူဟာ ဒေါ်ကြည်ဝင်းအပါအဝင် ၁၀ ဦးရှိတယ်လို့လည်း ပြောပါတယ်။
မနေ့ညက ရန်ကုန်မြို့ သာကေတမြို့နယ် ၄ မြောက်ရပ်ကွက်မှာလည်း သံပုံးတီးနေတဲ့ မြို့ခံတွေကို စစ်တပ်နဲ့ ရဲက ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာကေတ မြို့ခံတစ်ဦးက ပြောပါတယ်။
“ည ၈ နာရီဝန်းကျင်လောက်က သူတို့တွေ သံပုံးတီးကြတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင်ကို ဝင်ရိုက် တာပေ့ါဗျာ။ ဝင်ရိုက်တဲ့အချိန်မှာ ဒဏ်ရာကတော့ ပြင်းပြင်းထန်ထန်ရတယ်။ ဖမ်းတာဆီးတာမျိုး လုပ်တာတော့ မဟုတ်ဘူး။ ရိုက်နှက်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားတယ်”
အဲဒီသာကေတ ၄ မြောက်ရပ်ကွက်အတွင်းမှာ လူအချို့ကို လမ်းပေါ်မှာစုပြီး ရဲတွေက တုတ်တွေနဲ့ ရိုက်နှက်နေတဲ့ ဗွီဒီယိုမှတ်တမ်းတခုဟာလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
သမိုင်းရပ်ကွက်အတွင်းမှာလည်း ည ၈ နာရီသံပုံးတီးသူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက လိုက် ဖမ်းဆီးပြီး အဲဒီအထဲက အချို့ကို သံပုံးတီးခိုင်းပြီး အမျိုးသမီးအချို့ကို ကခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
ပဲခူးတိုင်း သာယာဝတီမြို့မှာတော့ မနေ့ညက CDM လို့ခေါ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ မြေစာရင်းနဲ့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ငါးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
CDM လှုပ်ရှားမှာပါဝင်တဲ့ မြေစာရင်းဝန်ထမ်းအမျိုးသားရဲ့ အိမ်ကိုတော့ စစ်တပ်နဲ့ရဲတွေက ည ၁၂ နာရီအချိန် လာရောက်ပြီး အပြစ်မရှိရင် ပြန်လွှတ်မယ့်အကြောင်းပြောပြီးနောက် ခေါ်သွားတာဖြစ်တယ်လို့ အဲဒီဝန်ထမ်းရဲ့ ဖခင်က ပြောပါတယ်။
သာယာဝတီမြို့မှာပဲ ဘောလုံးကွင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်နဲ့ ၃၀ အရွယ် ညီအစ်ကို နှစ်ယောက်ကို စစ်တပ်နဲ့ရဲတွေက မနေ့က လာရောက်ဖမ်းဆီးသွားပြီး၊ ဖမ်းဆီးတဲ့အကြောင်းရင်းကိုတော့ မသိရဘူးလို့လည်း ဖခင်ဖြစ်သူက RFA ကိုပြောပါတယ်။
“အဖမ်းခံရတာ ကျွန်တော့သားတွေဗျ။ နှစ်ယောက်ပေါ့။ တစ်ယောက်က ၃၀၊ ကျန်တစ်ယောက်က ၂၅ နှစ်ပေါ့။ အသေးစိတ်ကို ခုထိဘာမှမသိရသေးတာ။ တစ်ယောက်ယောက်က တိုင်လို့ဖမ်းတာလို့ပြောပြီး ကျန်တာဘာမှပြောမသွားကြဘူး။ ကျွန်တော်တို့က ဒါမျိုးတွေ တစ်ခါမှမကြုံဖူးတော့ ဘာဆက်လုပ်ရမလဲ ဆိုတာကို သူငယ်ချင်းတွေကို လိုက်မေးနေတုန်းပဲရှိသေးတယ်”
သာယာဝတီမြို့မှာ မနေ့ညက ဖမ်းဆီးခံရတဲ့ ငါးဦးထဲက ကျန်တစ်ဦးကတော့ ဖုန်းဆိုင်က လူငယ်တစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာတော့ သပြေအေးကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးတဲ့ ဦးဇင်း သောပါကကို စစ်တပ်နဲ့ရဲက မနေ့က ဖမ်းဆီးဖို့လာရောက်ခဲ့ပေမယ့် မတွေ့တာကြောင့် ကျောင်းမှာရှိတဲ့ ကွန်ပျူတာအလုံး ၂၀ လောက်ကို သိမ်းဆည်းသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်တပ်နဲ့ရဲက ရွာထဲက ရွှေနဲ့ငွေကြေးအချို့ကိုပါ ယူဆောင်သွားကြတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါတယ်။
“သပြေအေးမှာကျတော့ ဘုန်းကြီးကျောင်းမှာ ဝင်မွှေတာမှာ ကွန်ပျူတာအလုံး ၂၀ လောက်ရယ်၊ ၁၈ လက်မ ဆောင်းဘောက်လေးလုံးရယ်၊ ရွာထဲကကြက်တွေရယ်၊ နောက်တစ်ခါ ကလေးတွေ မြေအိုး စုဘူးနဲ့စုထားတဲ့ စုဘူးနှစ်လုံးကိုလည်း ရိုက်ခွဲပြီးတော့ယူသွားတယ်။ နောက် လက်စွပ်တစ်ကွင်းနဲ့ ပိုက်ဆံ နှစ်သောင်းကျော် လောက်ရယ် အဲဒါမိုးကြိုးလက်စွပ်လေးတွေရယ်ပေါ့။ စားဆီပုံးတစ်ပုံးရယ် အဲဒါတွေ ပါသွားတယ်။ ကွန်ပျူတာတွေက ဒီမှာ ကလေးတွေကိုသင်ပေးနေတဲ့ ကွန်ပျူတာတွေပါ။ အဲဒီကွန်ပျူတာ ခန်းထဲကို သူတို့ကဝင်သွားပြီးတော့မှ သူတို့က အဲဒါတွေကိုယူသွားတာ။ သူတို့ပြန်သွားလို့ ဝင်ကြည့်မှ ဒီဥစ္စာတွေ ပါသွားတယ်ဆိုတာကို သိတာဗျ”
စစ်တပ်နဲ့ရဲတွေက ကားအစီး ၂၀ နဲ့လောက်နဲ့ မနက် ၁၁ နာရီကျော်လောက်ကရောက်ရှိလာတာဖြစ်ပြီး ညနေ ၃ နာရီလောက်မှာ ပြန်သွားကြတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မြို့မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကို မကြာခဏ ကြားနေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာဆိုရင်လည်း အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံ သုံးချက်ခန့်ကြားခဲ့ရတယ်လို့ အင်းစိန်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူ ထားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ သုံးလလောက်ရှိလာချိန်မှာပဲ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း ရန်ကုန်၊ မန္တလေး အပါအဝင် နေရာတော်တော်များများမှာ အခုအချိန်အထိ တွေ့နေရ ဆဲဖြစ်ပါတယ်။
ဆန့်ကျင်လှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူ အရပ်သား အရေ အတွက်ဟာလည်း RFA ကကောက်ယူထားတဲ့ စာရင်းတွေအရ ၇၀၀ ကျော်ရှိနေပါပြီ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ မနေ့ညအချိန်အထိ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရသူဟာ ၃၃၀၀ ကျော်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ၏ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူး အစည်း အဝေးမှာတော့ အကြမ်းဖက်မှုတွေကိုရပ်ဖို့ အပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။