ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့သူ သုံးဦးကို ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်
2024.12.26

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Free Land Attack Force(FLA) အဖွဲ့က ကိုကျော်ဇင်ဦး (ခ) ကျောင်းဆရာ၊ ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင်နဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ကို သေနတ်တွေနဲ့ အတူ ဖမ်းဆီးရမိတာလို့ စစ်ကောင်စီက ပြောထားပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာနေထိုင်တဲ့ FLA အဖွဲ့ခေါင်းဆောင် ကိုနေမျိုးနွယ်က စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ လုပ်ကြံပစ်ခတ်ဖို့ ခိုင်းစေတာလို့ ဖမ်းဆီးရမိသူတွေက ထွက်ဆိုကြောင်း စစ်ကောင်စီက ပြောပါတယ်။
အဖွဲ့ဝင်တွေ ဖမ်းခံရတာနဲ့ပတ်သက်ပြီး FLA အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လတ်တလော လုံခြုံရေးအခြေအနေအရ ဖြေကြားနိုင်တာမရှိသေးကြောင်းသာ ပြောပါတယ်။
FLA အဖွဲ့ဝင် သုံးဦးက ဒီဇင်ဘာ ၂၄ ရက်နေ့မနက်ပိုင်းမှာ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ဒဏ်ရာတွေရခဲ့တယ်လို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ FLA အဖွဲ့ရဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာမှာလည်း ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့တဲ့အကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလုပ်ကြံမှုအပြီးမှာ မမေမြတ်သဉ္ဇာကျော်က သူ့ရဲ့သေနတ်နဲ့ ကျည်တွေကို စိုင်းနောင်ထက် (ခ) အာကြီးအိမ်မှာ သွားရောက်အပ်နှံခဲ့တယ်လို့ ထွက်ဆိုတာကြောင့် သွားရောက်ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ ကိုကျော်ဇင်ဦး၊ ကိုဇော်ဇော်ဗိုလ်၊ မမေမြတ်သဉ္ဇာကျော်နဲ့ စိုင်းနောင်ထက်တို့ လေးဦးကို ကျူးလွန်ခဲ့တဲ့ ပစ်မှုအတိုင်း ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း FLA အဖွဲ့က အင်းစိန်ပန်းခြံအနီးက လျှပ်စစ်ရုံး၊ တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းမီးပွိုင့်အနီးက CCTV ပုံးတွေကို မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ဖမ်းဆီးရမိသူတွေက ထွက်ဆိုတယ်လို့ ဆိုပါတယ်။