မိုးမောက်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က ရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
- 2021-04-29
-
-
-
၂၀၂၁ ဧပြီလ ၁၄ ရက်နေ့က မိုးမောက်မြို့က နေအိမ်အတွင်းကျလာတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးကို တွေ့ရစဉ်
Photo CJ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က ရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီး တစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
တပ်မတော်ရဲ့ တပ်ရင်းထဲကနေ ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့ အမြောက်တပ်ကနေ တစ်ချိန်လုံးပစ်နေတာ။ ဗုံးခိုကျင်းထဲလည်း နေတယ်။ အဲဒါကို အိမ်တည့်တည့် အမြောက်ဆန်မှန်တာ။ အိမ်မှာ ထမင်းချက်တုန်း လာထိတာ။ ရွာနားက မြန်မာစစ်တပ် တပ်ရင်း (၄၃၈) က ပစ်တာပါ”
သေဆုံးခဲ့သူဟာ အသက် ၇၂ နှစ်အရွယ် ဦးဂျန်မာထွယ်ဝါ ဒဏ်ရာရရှိသူကတော့ အသက် ၂၇ နှစ်အရွယ် မရစ်ရွယ်ဆမ့် ဖြစ်ပါတယ်။
မရစ်ရွယ်ဆမ့်မှာ လက်နက်ကြီးကြောင့် ညာဘက်လက်မောင်း ပြတ်ထွက်သွားတာလို့လည်း ကျေးရွာသားတွေ က ပြောပါတယ်။
ဒဏ်ရာပြင်းထန်တာကြောင့် ဗန်းမော်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့လည်း ဆိုပါတယ်။
ကျေးရွာထဲကို ကျရောက်ပေါက်ကွဲတဲ့လက်နက်ကြီးဟာ တပ်မတော်က ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံကျေးရွာသားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ နွမ်လန်းကျေးရွာဟာ အနီးဝန်းကျင်မှာ တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တို့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
မိုးမောက်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ဧပြီ ၁၀ ရက်နေ့က စတင်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်က တိုက်လေယာဉ်တွေအသုံးပြုပြီး ဒီနေ့အချိန်ထိ တိုက်ခိုက်နေတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
RFA ရဲ့ မှတ်တမ်းအရ ဧပြီလ ၁၀ ရက်နေ့ကစပြီး ဒီနေ့ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့သူ သံဃာတော် တစ်ပါးနဲ့ အရပ်သား ၁၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။