တပ်မတော်ပိုင်လေယာဉ် တစ်စီး ပျောက်ဆုံးနေ
2017.06.07

ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော်ပိုင် လေယာဉ် တစ်စီးဟာ ဒီကနေ့ နေ့လည် ၁ နာရီခွဲဝန်းကျင်မှာစတင်ကာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
အဲဒီလေယာဉ်ပေါ်မှာ တပ်မတော်သားနဲ့ မိသားစုဝင် ၉ဝ ကျော်ပါဝင်ပြီး လက်ရှိအချိန်မှာ ရှာဖွေကယ် ဆယ်ရေး ဆောင်ရွက်နေတယ်လို့ မြိတ် လေတပ်ဌာနချုပ်က ဗိုလ်မှူးအဆင့်ရှိသူတစ်ယောက်က ပြောပါတယ်။
"လက်ရှိ ရှာဖွေကယ်ဆယ်ရေးက ရန်ကုန်က ATR နှစ်စီးတော့ တက်သွားပါပြီ။ နောက်ပြီးတော့ မြိတ် ကနေ ပြီးတော့ လေယာဉ်တွေလည်း တက်သွားပါတယ်။ မိသားစုဝင်တွေလည်းပါတယ်ဗျ။ Army တပ်က Flight ဆိုတော့ တပ်မတော်သားတွေလည်းပါတယ်။ မိသားစုဝင်တွေလည်း ပါတယ်။"
လေယာဉ် ပျောက်ဆုံးသွားတဲ့နေရာကို အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ လေယာဉ်ဟာ မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာလာပြီး မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ထားဝယ် မြို့ အနောက်ဘက် မိုင် ၂ဝ အရောက်မှာ အဆက်အသွယ် ပြတ်တောက်သွား တာလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။