ယုံကြည်မှုထိခိုက်စေမယ့်ကိစ္စတွေ မလုပ်ဖို့ KNPP နဲ့ တပ်ကိုယ်စားလှယ် သဘောတူ
2019.07.18

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ ဒီနေ့မနက် တေ့ွဆုံမှုမှာ တပ်မတော်က တပ်စခန်းအသစ်တည်ဆောက်နေတဲ့ အခြေအနေနဲ့ တပ်သိမ်းမြေကိစ္စကြောင့် ဖြစ်ပေါ်နေတဲ့ မြေယာအငြင်းပွားမှု ပြဿနာတွေကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်ယုံကြည်မှု ပျက်ပြားစေမယ့်အရာတွေ မလုပ်ကြဖို့ သဘောတူညီမှုရခဲ့တယ်လို့ KNPP ဘက်က ပြောဆိုပါတယ်။
KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီနဲ့ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်တို့ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှာ ဒီနေ့ မနက်က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီနေ့ တွေ့ဆုံရာမှာ နှစ်ဖက်ယုံကြည်မှုကို ပျက်ပြားစေမယ့် အပြုအမူအပြောအဆို အသွားအလာတွေ မလုပ်ကြဖို့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်ထိန်းသိမ်းသွားဖို့ သဘောတူညီမှုရခဲ့တယ်လို့ KNPP ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးကော်မတီ ပြောခွင့်ရ နဲနယ်ပလိုးက ပြောပါတယ်။
တွေ့ဆုံပွဲမှာ ကရင်နီပြည်တွင်းမှာ တပ်မတော်က တပ်စခန်းအသစ်တည်ဆောက်နေတဲ့ အခြေအနေနဲ့ တပ်သိမ်းမြေကိစ္စကြောင့် ဖြစ်ပေါ်နေတဲ့ မြေယာအငြင်းပွားမှု ပြဿနာအခြေအနေတွေကို ဆွေးနွေးခဲ့ပေမယ့် သီးခြားသဘောတူညီချက် မရခဲ့ဘူးလို့ နဲနယ်ပလိုးက ပြောပါတယ်။
နှစ်ဖက်တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ထွန်းထွန်းညီကို RFA က ဆက်သွယ်တဲ့အခါမှာတော့ ဒီတေ့ွဆုံပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ပေးဖို့ရှိရင် ထုတ်ပြန်ပေးသွားမယ် လို့ ပြောပါတယ်။
တပ်မတော်ရဲ့ အပစ်ရပ်ကာလအတွင်း ကယားပြည်နယ်မှာ တပ်ဘက်က တပ်စခန်းတိုးချဲ့မှုတွေ ရှိလာတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့တာပါ။
မနေ့ကတော့ KNPP အဖဲ့ွဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ ပါဝင် လတ်မှတ်ရေးထိုးနိုင်ရေး ကိစ္စတွေအပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ စတာတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစိုးရဘက်ကတော့ မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ KNPP ကို လာမယ့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် အောက်တိုဘာလ ဒါမှမဟုတ် စက်တင်ဘာလလောက်မှာ NCA မှာ ပါဝင် လတ်မှတ်ရေးထိုးနိုင်ဖို့ အဆိုပြု တိုက်တွန်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ KNPP အနေနဲ့ ပြန်လည်ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။
KNPP ဘက်က ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းမယ်လို့ ကတိပြုခဲ့ပေမယ့် NCA လတ်မှတ်ထိုးဖို့ကိုတော့ လက်တွေ့ပြည်နယ်အတွင်းဖြစ်နေတဲ့ အကြောင်းတွေပေါ် အခြေခံပြီး ယုံကြည်မှု ဒီထက်ရဖို့လိုအပ်တယ်လို့ KNPPခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)