စစ်ကောင်စီကို ဘက်စုံသုံး ဂျက်တိုက်လေယာဉ်တွေ ရုရှားပေးပို့

၂ဝ၂၁ ဇွန်လက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို သွားရောက်ခဲ့စဉ်။
၂ဝ၂၁ ဇွန်လက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကို သွားရောက်ခဲ့စဉ်။ (Photo: AFP)

မြန်မာစစ်ကောင်စီကို ရုရှား Sukhoi လေယာဉ်ကုမ္ပဏီက ထုတ်လုပ်တဲ့ ဘက်စုံသုံး Sukhoi Su-30SME ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်လေ့ကျင့်ရေးလေယာဉ်တွေ မကြာခင်က ပေးပို့လိုက်တယ်လို့ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲက ပြောကြားတဲ့ အကြောင်း AsiaNews သတင်းက မနေ့ကဖော်ပြပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က အရောင်း-အဝယ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီလိုနည်းပညာတွေ ပေးပို့တဲ့အတွက် မြန်မာ့လေတပ်စွမ်းရည် သိသိသာသာ မြင့်မားလာမယ်လို့ ပြောပါတယ်။

ဒီနှစ်ထဲကျင်းပတဲ့ လေကြောင်းပြပွဲမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှက ရုရှားနိုင်ငံရဲ့ အဓိက ကျတဲ့ နိုင်ငံအဖြစ် ကျန်ရှိတဲ့ တနိုင်ငံဖြစ်တယ်လို့ ရုရှားခေါင်းဆောင် Vladimir Putin က ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံပြီးရင် ရုရှားဟာ မြန်မာစစ်တပ်ကို လက်နက်အများဆုံး တင်ပို့ရောင်းချပါတယ်။

မြန်မာလေတပ်ဟာ ရုရှားလုပ် (မစ်တိုက်လေယာဉ်) Mig-29 နဲ့ လေ့ကျင့်ရေးနဲ့ တိုက်ခိုက်ရေး လေယာဉ် Jak-130 တွေကို ကာလရှည်ကြာသုံးနေပါတယ်။ အခုတင်ပို့လိုက်တဲ့ Sukhoi Su-30SME ဂျက်တိုက်လေယာဉ်ဟာ ရာသီမရွေး ဝေဟင်က ဝေဟင်နဲ့ ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်နိုင်ပါတယ်။