မြန်မာစစ်တပ်ကို အားပေးမှု ပြင်သစ် Thales ကုမ္ပဏီကို အရေးယူဖို့ တောင်းဆို

ပြင်သစ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Thales ကုမ္ပဏီရဲ့စီးပွားဘက် အိန္ဒိယနိုင်ငံက Bharat လျှပ်စစ်ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိနေပြီး စစ်ရေးဆိုင်ရာ နည်းပညာတွေကို တင်ပို့နေတာကြောင့် ပြင်သစ်ကုမ္ပဏီရဲ့နည်းပညာတွေ မြန်မာစစ်တပ်ဆီကို မရောက်အောင် ရပ်တန့်ပေးဖို့နဲ့ Bharat ကုမ္ပဏီနဲ့လည်း အဆက်အသွယ်ဖြတ်ဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSFနဲ့ တခြားလူထုလှုပ်ရှားမှု အဖွဲ့သုံးခုက ပူးပေါင်းပြီး တောင်းဆိုလိုက်တဲ့အကြောင်း RSF အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Thales ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ထောက်ပံ့နေတာကြောင့် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဒီလုပ်ရပ်ဟာ EU ဥရောပသမဂ္ဂက မြန်မာစစ်တပ်ကို တင်းကျပ်အရေးယူထားတာတွေကိုလည်း ချိုးဖောက်နေတယ်လို့ RSF အဖွဲ့နဲ့အတူ Info Birmanie ၊ Justice For Myanmarနဲ့ Sherpa အဖွဲ့တွေက ပြောပါတယ်။
မြန်မာစစ်တပ်ကို ဥရောပသမဂ္ဂက လက်နက်ရောင်းချမှု ကန့်သတ်ပိတ်ဆို့ထားတဲ့အတွက် ပြင်သစ်အာဏာပိုင်တွေအနေနဲ့လည်း Thales ကုမ္ပဏီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ အဖွဲ့အစည်းလေးခုက မနေ့ကပဲ တိုက်တွန်းလိုက်ပါတယ်။