စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ပွား

2022.03.27
စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ပွား စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ အခု မတ်လ ၂၀ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲပေါင်း ၃၃၀၂ ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Institute for Strategy and Policy – Myanmar အဖွဲ့က မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲ အရပ်သားသေဆုံးမှုက ၆၄၂ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေအများဆုံးဖြစ်ခဲ့ပြီး တစ်လတည်း ၅၈၄ ကြိမ်ထက် မနည်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အရပ်သားသေဆုံးမှု အများဆုံး လဖြစ်ခဲ့ပြီး တိုက်ပွဲနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြား တစ်လတည်းမှာတင် အရပ်သား ၁၂၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိ ကရင်ပြည်နယ်ထဲမှာ စစ်တပ်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေရှိသလို ကော့ကရိတ် မြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကျေးရွာတစ်ချို့မှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက် ခိုက်တာမျိုးတွေရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရွာတွေကို စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုထားပါတယ်။

စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ စစ်ဘေးဒုက္ခသည် ၇၅၂၅၈၉ ဦးရှိခဲ့ပြီး အာဏာမသိမ်းခင်က ရှိခဲ့တဲ့ ဒုက္ခသည် ၄၉၇၂၀၀ နဲ့ပေါင်းရင် ဒုက္ခသည်စုစုပေါင်း တစ်သန်းကျော်ထိရှိလာပြီလို့ ISP Myanmar ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။