စစ်အာဏာသိမ်း ၂၂ လအတွင်း ချင်းပြည်နယ်မှာ ၃၅၀ ကျော် သေဆုံး

RFA Burmese
2022.12.04
စစ်အာဏာသိမ်း ၂၂ လအတွင်း ချင်းပြည်နယ်မှာ ၃၅၀ ကျော် သေဆုံး ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့်တိုက်ပွဲကြား သေဆုံးခဲ့သည့် CDF မင်းတပ်အဖွဲ့ဝင် ဦးနိန်ကီးယောနှင့် ကလေးမြို့ PDF အဖွဲ့ဝင် ကိုအောင်လင်းနိုင်တို့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့စဉ်။
Citizen Journalist

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အခု ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ချင်းပြည်နယ်အတွင်းမှာ စုစုပေါင်း ၃၅၅ ဦး သေဆုံးခဲ့ပြီး လေးသောင်းကျော် ပြည်တွင်း ထဲမှာ စစ်ဘေးရှောင်နေရသလို ငါးသောင်းနီးပါးကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ ပြည်နယ်တွေဆီ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ဒီဇင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူ ၃၅၅ ဦးထဲမှာ ပြည်သူ ၁၆၇ ဦးနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၂၄ ဦး၊ အသက်ခြောက်လနဲ့ ခုနစ်လသားအရွယ် နို့စို့ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်း ၂၂ လအတွင်းမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လို့ သေနတ်နဲ့ပစ်သတ်ခံရသူ ၁၀ ဦးရှိခဲ့ပြီး မီးရှို့ အလောင်းဖျောက်ခံရတဲ့ ပြည်သူ ကိုးဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင် ကိုလောရန့်ကတော့ ချင်းပြည်နယ်အတွင်း လူတွေ သေဆုံးနေတာဟာ ဆေးဝါးပြတ်လပ်တာ၊ မွေးကင်းစ ကလေးငယ်တွေနဲ့ တိုက်ပွဲအတွင်းသေဆုံးတဲ့ အရေအတွက်က များတယ်လို့ RFA ကို ပြောပါတယ်။

“ချင်းပြည်နယ်မှာ နာတာရှည်ရောဂါသည်တွေ ဆေးဝါးပြတ်လို့သေတာ၊ မွေးကင်းစ ကလေးတွေ မီးတွင်းထဲသေတာနဲ့ နောက်တစ်ခု ဝမ်းနည်းစရာကောင်းတာက အနာဂတ်လူငယ်တွေ တိုက်ပွဲမှာ သေဆုံးနေတာက များပြားတယ်။ ပြီးတော့ ပဋိပက္ခကြောင့် အဖမ်းခံရပြီး သေဆုံးတာလည်းရှိတယ်”

လူဦးရေငါးသိန်းလောက်ပဲရှိတဲ့ ချင်းပြည်နယ်မှာ သတ်ဖြတ်ခံရတဲအရေအတွက်ဟာ တစ်ပြည်နယ်လုံးမှာရှိတဲ့ လူဦးရေအချိုးနဲ့တွက်ရင် များပြားနေတယ်လို့ ချင်းရေးရာ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ ချင်းပြည်နယ်အတွင်းမှာ နေအိမ်၊ အဆောက်အအုံ ၁၅၀၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ ရတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။