ထီးချိုင့်မြို့ သခွတ်ချောင်ရွာ မီးငါးကြိမ်ရှို့ခံရလို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး
2022.12.28

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် သခွတ်ချောင်ရွာမှာ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်က မီးငါးကြိမ်ရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ ပြောပါတယ်။
ထီးချိုုင့်မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ သခွတ်ချောင်ရွာမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက တစ်ကြိမ်နဲ့ အခု ဒီဇင်ဘာလထဲမှာ လေးကြိမ်မီးရှို့ခံရတာကြောင့် အိမ်ခြေ ၁၈၀ နီးပါးမှာ နေအိမ် အလုံး ၂၀ လောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၇ ရက် မနေ့ကလည်း အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ လယ်တောထဲက ယာယီတဲတွေနဲ့ ရွာကနေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သခွတ်ချောင် ရွာခံတစ်ဦးက ပြောပါတယ်။
“အိမ်မပြန်ရဲလို့ လယ်ထဲက တဲတိုက်တွေထဲနေကြတာ။ အဲဒီတဲတိုက်တွေကိုပါ မီးရှို့သွားတယ်။ အခုဒေသခံတွေက နေစရာမရှိတဲ့အပြင် ရွာကနေယူလာတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ မီးရှို့ခံလိုက်ရတော့ ဘာတစ်ခုမှ မရှိတော့ဘူးဗျ။ တဲတိုက်ဆိုတာလည်း အပေါ်က အမိုးကာပြီး အောက်မှာ အခင်းနဲ့နေကြရတာ။ အခုတော့ အဲဒီနေစရာပါ ပျောက်သွားပြီ”
ထီးချိုင့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၃၀၀ နီးပါးလောက်ပါတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား သခွတ်ချောင်ရွာအနီးမှာ မကြာခဏတိုက်ပွဲတွေ ဖြစ်နေတာကြောင့်အခုလို မီးရှို့ခံရတာဖြစ်နိုင်တယ်လို့ နောက်ထပ် ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။
အခု ဒီဇင်ဘာလအတွင်းမှာပဲ ထီးချိုင့်မြို့နယ်ထဲက ရွှေချောင်း၊ ပဲခင်း၊ အင်းတိန်၊ လေသာကုန်း၊ သခွတ်ချောင်၊ ကြက်သေချောင်း၊ ပေါက်ကုန်း စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း ၂၁ ရွာက နေအိမ် ၁,၀၀၀ နီးပါးမီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရတာနဲ့ စစ်ကြောင်းထိုးလို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်အတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
ထီးချိုင်းမြို့နယ်ထဲ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်တွေက တပ်မ - ၉၉ နဲ့ တပ်မ - ၈၈ လက်အောက်ခံ တပ်ဖွဲ့တွေဖြစ်တယ်လို့ ထီးချိုင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ပြောဆိုကြပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ ဖျက်ဆီးတာမရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လတုန်းက RFA ကို ပြောထားပါတယ်။
လွတ်လပ်တဲ့ သုတသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်စာရင်းအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။