ချင်းပြည်နယ် ဟားခါးမြို့က ဝန်ကြီးအိမ်ရာမှာ ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက ရဲနဲ့စစ်သား စကားများရန်ဖြစ် ရာကနေ အချင်းချင်း ပစ်ခတ်လို့ စစ်သားနှစ်ဦး သေဆုံးပြီး ရဲတစ်ဦး ပေါင်မှာဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက RFA ကို ပြောပါတယ်။
"ညနေ ၆ နာရီကျော် ၇ နာရီလောက်မှာ အဲဒီနားမှာ သေနတ်သံတွေ ကြားရတယ်။ အဲဒီသေနတ်သံက အချင်းချင်းပစ်တာ ဖြစ်နေတာ။ သိပ်မကြာဘူး။ အဲမှာ အစောင့်စစ်သားနှစ်ယောက် သေတယ်။ ရဲတစ်ယောက် ကတော့ ပေါင်မှာ ထိသွားတယ်'' လို့ အမည်မဖော်လိုတဲ့ ဟားခါးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိ ဒဏ်ရာရထားတဲ့ ရဲတပ်ဖွဲ့ဝင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာရှိတဲ့ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဟားခါးမြို့က ဝန်ကြီးအိမ်ယာမှာ စစ်တပ်နဲ့ရဲ တွေက လုံခြုံရေးယူထားခဲ့တာဖြစ်ပြီး ဝန်ကြီးအိမ်ရာမှာ လက်ရှိ ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်တွေ နေထိုင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီ တပ်သား အချင်းချင်း ခိုက်ရန်ဖြစ်ပွားသေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို RFA က မသိရသေးပါဘူး။