တီးတိန်မြို့မှာ စစ်ကြောင်းဝင်လာချိန် အသက်မပြည့်တဲ့ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

RFA Burmese
2024.07.07
တီးတိန်မြို့မှာ စစ်ကြောင်းဝင်လာချိန် အသက်မပြည့်တဲ့ မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ ချင်းပြည်နယ် တီးတိန်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးရွာမှာ ဇူလိုင် ၅ ရက်နေ့က အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို စစ်ကောင်စီတပ်သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင်လ ၅ ရက်နေ့ မနက် ၆ နာရီခန့်မှာ ကလေးမြို့ကနေ ချင်းတောင်ဘက်ကို ကားသုံးစီးနဲ့ စစ်ကြောင်းထိုးလာပြီး မွာလ်ပီးရွာမရောက်ခင် ကားတွေထားခဲ့ပြီးနောက် ခြေလျင်တက်လာတာလို့ ဒေသခံ‌တွေက ဆိုပါတယ်။

နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်သားတွေ ရွာထဲကိုရောက်လာပြီး နေအိမ်တွေကို ၀င်ရောက်ရှာဖွေနေချိန် ဒေသခံ မိန်းကလေးကို တွေ့ရှိပြီး အဓ္ဓမပြုကျင့်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်း၀င်လာချိန် မွာလ်ပီးရွာခံတွေ ထွက်ပြေးခဲ့ကြပေမဲ့ နေအိမ်ပြန်ပြီး ထမင်းချက်တဲ့ အဲဒီ မိန်းကလေးကို စစ်ကောင်စီတပ်သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီတွေ ကလေးကနေ စစ်ကြောင်းထိုးတယ်လို့ သတင်းကြားလို့ ကျွန်‌မတို့ ရွာကနေ တောထဲမှာ ရှောင်ကြတယ်။ အခု အဓမ္မပြုကျင့်ခံရတဲ့ သူကတော့ သားအမိနှစ်ယောက်ပဲနေတာ အရမ်းကြောက်တတ်တဲ့ သူလည်းဖြစ်တော့ စောစောထွက်ပြေးတော့ အဲကလေးမက ဗိုက်ဆာလို့ အိမ်ပြန်လှည့်လာတာ။ အဲမှာ စစ်ကောင်စီတပ်သားတွေက ရွာထဲမှာ တစ်အိမ်ဝင်တစ်အိမ်ထွက်‌လုပ်နေတာ အဲကလေးမက မီးမွှေးနေတဲ့ အချိန်ပေါ့။ စစ်ကောင်စီတပ်သားက ဓားထောက်ပြီး အော်ရင်သတ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တာ၊ ပြီးတော့ နှစ်ယောက်က အဓမ္မပြုကျင့်တာ"

အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးကို အဲဒီစစ်ကြောင်းမှာပါတဲ့ အရာရှိက ငွေကြေးလျော်ပေးတာ လက်ခံဖို့နဲ့ လက်မခံရင် ကျူးလွန်သူတွေနဲ့ လက်ထပ်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ‌လျော်ကြေးငွေလက်ခံပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။

လျော်ကြေးငွေအဖြစ် ဘယ်လောက်ပေးခဲ့သလဲ ဆိုတာကိုတော့ RFA အနေနဲ့ တိတိကျကျမသိရသေးပါဘူး။

ဒါ့အပြင် ဇူလိုင်လ ၅ ရက်နေ့မှာပဲ မွာလ်ပီးရွာက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလည်း စစ်ကောင်စီ တပ်သားတွေက အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒါ သူ့သမီးကို အိမ်ထဲမှာ စစ်ကောင်စီတပ်သားတွေက ခေါ်သွားပြီး သူအမေကို အိမ်ထဲမဝင်ခိုင်းဘဲ အိမ်ပြင်မှာ နေခိုင်းပြီး အဓမ္မပြုကျင့်ဖို့ စစ်ကောင်စီတပ်သားတွေက ကြံစည်နေချိန်မှာ အဲကလေးမ အော်သံတွေကို အဲဒီ စစ်ကြောင်းမှာပါလာတဲ့ အရာရှိတစ်ယောက်ကြားတော့ ဘာတွေဖြစ်လဲမေးတာ။ အပြင်ကစောင့်နေတဲ့ အမေက အရာရှိကို ပြောပြတဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက အဲဒီကလေးမကို အဓမ္မပြုကျင့်ဖို့ လုပ်နေရာကနေ ပြန်လွှတ်ပေးတာ"

ဒေသခံတွေပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရှိသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေတာကြောင့် တုံ့ပြန်မှုမရခဲ့ပါဘူး။

အင်အားတစ်ရာခန့်ပါတဲ့ အဲဒီစစ်‌ကြောင်းဟာ ချင်းတောင်ပေါ်ကို ဆက်မတက်တော့ဘဲ မွာလ်ပီးရွာကနေ ဇူလိုင် ၅ ရက်နေ့ ညနေ ၅ နာရီမှာ ကလေးမြို့ဘက်ကို ပြန်ဆင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ အာလွယ်ရွာမှာ ကိုယ်ဝန်ခုနစ်လရှိနေတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးနဲ့ ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို အဲဒီရွာမှာစခန်းချခဲ့တဲ့ တပ်မ (၂၂) လက်အောက်ခံ စစ်ကောင်စီတပ်သားတွေ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။