မန္တလေးတိုင်း မိုးကုတ်မြို့ နီလာဈေးကြီးအပြင်ဘက်တန်းမှာ ကုန်ခြောက်ရောင်းတဲ့ ဇနီးမောင်နှံ နှစ်ဦးကို စက်တင်ဘာ ၆ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်မှာ အမည်မသိ ဆိုင်ကယ်သမား တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့ဒေသခံ တစ်ဦးက ပြောပါတယ်။
“သူတို့ဆိုင်က သေးသေးလေး။ သူတို့က ဆိုင်ထဲမှာ ထိုင်နေတယ်လို့ပြောတယ်။ ထိုင်နေတဲ့အချိန် ဆိုင်ကယ်နဲ့ရပ်ပြီး သေနတ်နဲ့ ခေါင်းကို တစ်ယောက် တစ်ချက်ပစ်ပြီး ပြေးတာ။ သူတို့ အဲမှာပဲ သေတယ်လို့ ထင်တယ်။ သူတို့က အဲဒီ နီလာဈေးကြီးရဲ့ ဈေးခေါင်းရဲ့ ယောက္ခထီးနဲ့ ယောက္ခမဖြစ်တယ်။ သူတို့ဆိုင်သွားရင် အစိမ်းဘက်ကိုပဲ“
သေဆုံးသူ ဇနီးမောင်နှံတို့ဟာ အသက် ၆၀ ဝန်းကျင်ရှိကြပြီး မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာယာ ရပ်ကွက်မှာ နေထိုင်ကြသူတွေပါ။
သေဆုံးသူ အမျိုးသားဟာ ယခင်က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကာ လက်ရှိစစ်ကောင်စီ သတင်းပေး သူလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
သေဆုံးသူတွေရဲ့အလောင်းကို ဆေးရုံပို့ထားလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေး တင်းတင်း ကျပ်ကျပ်နဲ့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။