ကချင်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အဂတိနဲ့အမှုဖွင့်ခံရ

2021.08.24
ကချင်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အဂတိနဲ့အမှုဖွင့်ခံရ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကို တွေ့ရစဥ်
Photo: RFA
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ပြည်နယ်ဝန်ကြီးတချို့အပါအဝင် လူခုနစ်ဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ တဆင့် ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
 
ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးတွေဖြစ်တဲ့ ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှိလိုင်း၊ ဦးနော်လီ (ခ)ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်း၊ ဦးနေဝင်းနဲ့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့ကို အရေးယူထားတာလို့ ဆိုပါတယ်။
 
ကချင်ပြည်နယ်အတွင်း လမ်းခင်းတဲ့လုပ်ငန်းတွေ၊ သလင်းကျောက်တန်ချိန် တစ်သောင်း လေလံစနစ်နဲ့ ရောင်းချတဲ့ကိစ္စ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ဂေဟာဆောက်လုပ်တဲ့ကိစ္စနဲ့ ဖမ်းမိတဲ့ ဓာတ်မြေသြဇာ တွေ လေလံတင်ရောင်းချတဲ့ ကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့လို့ နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းတွေကို ထိခိုက်နစ်နာစေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
 
ဒါ့အပြင် မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့မှာ NLD ပါတီရုံး ဆောက်လုပ်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေထံက ငွေကြေးတောင်းခံခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
 
သူတို့ကို မြစ်ကြီးနားမြို့မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၅၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၆ တို့နဲ့ သြဂုတ်လ ၂၃ ရက်မနေ့က အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ကချင်ပြည်နယ်ဝန်ကြီးချုပ်အပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တို့ကိုလည်း အဂတိအမှုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အခုလိုနှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ ပုဒ်မတွေရဲ့ အရေးယူမှုတွေလုပ်နေ တာက စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ NLD ထိပ်ပိုင်းခေါင်း ဆောင်တွေက ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။