ထန်တလန်မြို့ရဲ့ ရှေ့တန်း တပ်စခန်းသုံးခုကို ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Chinland Information Center Photo)

ချင်းပြည်နယ် ထန်တလန်မြို့နယ် အော်တိုတောင်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း သုံးခုကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Information Center (CIC) က ထုတ်ပြန်ပါတယ်။

စစ်ခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီရှေ့တန်းစခန်းတွေကို သိမ်းပိုက်နိုင်တာကြောင့် ဟားခါး-ထန်တလန်လမ်းကို ချင်းတပ်ဖွဲ့တွေက ပြန်လည်စိုးမိုးထားနိုင်ပြီလို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်က နှစ်ယောက် အကျအဆုံးရှိသလို စစ်ကောင်စီဘက်ကလည်း ၁၅ ယောက် အလောင်းကောက်ရတယ်။ လက်ရှိမှာ ဟားခါးနဲ့ ထန်တလန်ကြား စစ်ကောင်စီ ချိတ်ဆက်တဲ့ လမ်းကတော့ ကျွန်တော်တို့ ပြန်လည်ပြီးတော့ စိုးမိုးထားနိုင်ပြီလို့ ပြောလို့ရပါတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ဟားခါး-ထန်တလန် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

ဇူလိုင်လ ၂၂ ရက်နေ့ကလည်း တပ်စခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အချိန်တစ်ပတ်အတွင်းမှာ တပ်စခန်း ခြောက်ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Information Center (CIC) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။