ဆွမ်ပရာဘွမ်က တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်၊ တစ်မြို့လုံးသိမ်းနိုင်ဖို့ ဆက်တိုက်နေ

RFA Burmese
2024.05.05
ဆွမ်ပရာဘွမ်က တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်၊ တစ်မြို့လုံးသိမ်းနိုင်ဖို့ ဆက်တိုက်နေ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၄၆) လက်အောက်က အရေးပါတဲ့ ဗျူဟာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နှစ်လကြာတိုက်ခိုက်ပြီးနောက် မေလ ၅ ရက်နေ့မနက်အစော ၄ နာရီကျော်မှာ သိမ်းယူလိုက်ပြီလို့ KIA ဘက်က ပြောပါတယ်။

မြို့တစ်ခုလုံးကို အပြည့်ဝထိန်းချုပ်နိုင်ဖို့ ကာကင်းစခန်းငယ်နှစ်ခု ကျန်ရှိနေသေးတာကြောင့် ဆက်ပြီးတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဆွမ်ပရာဘွမ်မြို့ဟာ နှစ်ဖက်စလုံးအတွက် ဗျူဟာအရအရေးပါတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“ဆွမ်ပရာဘွမ်ကနေ ကျွန်တော်တို့ရဲ့ တပ်မဟာ (၁)၊ တပ်မဟာ (၇) ဒေသတွေကို ထိန်းချုပ်လိုက်တဲ့နေရာ ဆိုတော့ အတော်အရေးပါတဲ့နေရာဖြစ်ပါတယ်။ မြစ်ကြီးနားဘက်ကလာမယ်ဆို တယန်ဇွပ်မှာပဲ စကစတပ်စခန်း ရှိတော့တယ်။ ပူတာအိုဘက်ကဆို စွမ်ပီယန်မှာပဲ ရှိတော့တယ်။ ဆွမ်ပရာဘွမ်ကိုရပြီဆိုရင် အဲနားတစ်ဝိုက်က စကစတပ်စခန်းတွေ မရှိတော့ဘူး။ အဲဒါကြောင့် စစ်ကောင်စီကလည်း လက်မလွတ်ဖို့ အပြင်းထန် ကြိုးစားနေတယ်။ လေကြောင်းနဲ့ နေ့တိုင်းလိုလို လာပစ်တယ်။ ပူတာအိုဘက်နေ စစ်ကူလွတ်တာတွေရှိတယ်”

ဆွမ်ပရာဘွမ်မြို့က ခလရ (၄၆) ဗျူဟာတပ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်နေရာအများစုကိုပါ KIA ဘက်ကစိုးမိုးထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနား - ပူတာအိုလမ်းပိုင်း ပိတ်ထားတာကြောင့် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။