မြေရှားသတ္တုထွက်တဲ့ ဆော့လော်မြို့ကို KIA သိမ်းပိုက်
2024.10.02

မြေရှားသတ္တုထွက်တဲ့ ကချင်ပြည်နယ်မြောက်ပိုင်းမြို့ ဖြစ်တဲ့ ဆော့လော်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၂ ရက် ဒီနေ့မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေနဲ့ KIA စစ်ရေးသတင်း အရင်းအမြစ်တွေက RFA ကိုအတည်ပြု ပြောပါတယ်။
အခုသိမ်းပိုက်ထားတဲ့ ဆော့လော်မြို့ဟာ ကချင်အထူးဒေသ ၁ ထဲမှာပါဝင်ပြီး ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ထိန်းချုပ်ထားတာပါ။
ဆော့လော်မြို့က စစ်ကောင်စီရဲ့ ဗျုဟာကုန်းဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ - ၁၉၈ ကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၉ ရက်နေက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လေးရက်မြောက်နေ့မှာ သိမ်းယူနိုင်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KIA စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆော့လော်မြို့ပေါ်ကတပ်ကို ဒီနေ့ မနက် ၇ နာရီ ၂၀ မိနစ်မှာ အပြီးသိမ်းနိုင်ခဲ့ပြီ။ ရှင်းလင်းရေးတွေလည်း အကုန်ပြီးပြီ။ မြို့မှာဘာတပ်မှ မရှိတော့ဘူး”
KIO သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ဆော့လော်မြို့မှာ တပ်ထိုင်နေတဲ့ စစ်ကောင်စီတပ်ကို KIA တပ်မဟာ (၇) ရဲ့ တပ်ရင်း (၄၆) က အောက်တိုဘာလ ၂ ရက် ဒီနေ့မှာ အပြီးတိုင် သိမ်းယူနိုင်တယ်လို့ ဖော်ပြပါတယ်။
KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဆော့လော်က တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ သိရပေမယ့် အသေးစိတ်မသိရသေးတဲ့အကြောင်း RFA ကို ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆော့လော် ဒေသခံတစ်ဦးကလည်း ဆော့လော်မြို့မှာ မြေရှားသတ္တု တူးဖော်တဲ့ နေရာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့မနက်တော့ ဆော့လော်ကို သိမ်းပြီလို့သိရတယ်။ ဆော့လော်ကလည်း မြေရှားသတ္တု တူးဖော်မှုတွေရှိတဲ့ မြို့နယ်ဖြစ်တယ်။ ဆော့လော်မြို့ကနေ မိုင် နှစ်ဆယ် လောက်ဝေးတဲ့ မျောမောကျေးရွာရဲ့ တောင်တွေမှာ တရုတ်နဲ့ အာဏာပိုင်တွေပေါင်းပြီး မြေရှားသတ္တု တူးဖော်တာတွေရှိတယ်”
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ချီဖွေမြို့ပေါ်ရဲစခန်း၊ ခလရ - ၁၀၅ အထိုင်ချတဲ့ ချီဖွေဗျူဟာကုန်း၊ ချီဖွေ-ပန်ဝါသွားလမ်း လေးမိုင်စုပေါင်းဂိတ်၊ ဝိုင်းမော်-ချီဖွေလမ်းပေါ် ၅၉ မိုင်က စစ်ကောင်စီတပ်၊ ရှငေါ်ရွာက တပ်စခန်းတွေကို KIA က သိမ်းပိုက်ထားပါတယ်။
၂၀၂၄ ခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ဆွမ်ပရာဘွမ် ၊ ချီဖွေ၊ဆော့လော် စတဲ့မြို့ဆယ် မြို့နဲ့ စစ်တပ်စခန်းပေါင်း (၂၂၀) ကျော် KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။