အမ်းမြို့မှာ ပြည်သူတွေအတွက် ရိက္ခာထောက်ပံ့မှု စစ်ကောင်စီ တားမြစ်

2021.08.31
အမ်းမြို့မှာ ပြည်သူတွေအတွက် ရိက္ခာထောက်ပံ့မှု စစ်ကောင်စီ တားမြစ် မေတ္တာရှင်ပရဟိတအဖွဲ့ကလှူမယ့် ဆန်အိတ်တွေကို တွေ့ရစဥ်
Photo: Ko Soe Win

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်အုပ်စုက ကိုဗစ် - ၁၉ ကပ်ဘေးကြောင့် စားဝတ်နေရေး အခက် အခဲဖြစ်နေကြတဲ့ အိမ်ထောင်စု ၂၀၀ ကျော်ထံ စားနပ်ရိက္ခာထောက်ပံ့ဖို့သွားတဲ့ မေတ္တာရှင်ပရဟိတအဖွဲ့ကို စစ်ကောင်စီဘက်က သွားလာခွင့်မပေးဘူးလို့ အဖွဲ့ဥက္ကဋ္ဌ ကိုစိုးဝင်း က RFA ကို ဒီနေ့ ပြောပါတယ်။

ဒါးလက်ချောင်းအုပ်စုမှာနေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေအတွက် သြဂုတ်လ ၂၇ ရက်နေ့က ဆန်၊ ဆီ၊ ဆား၊ ငပိ၊ အချိုမှုန့် စတဲ့ရိက္ခာတွေ ထောက်ပံ့ဖို့သွားရာမှာ ခွင့်ပြုချက်မပါလို့ဆိုပြီး စစ်ကောင်စီဩဇာခံ ခမရ (၃၇၃) တပ်ရင်း စစ်ဆေးရေးဂိတ်က တားမြစ်ခဲ့တာလို့ ဆိုပါတယ်။

အခုလို တားမြစ်ခံခဲ့ရတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကနေ ခွင့်ပြုမိန့်ရဖို့ အဲဒီနေ့ကတည်းက လျှောက် ထားခဲ့ပေမယ့် သြဂုတ်လ ၃၁ ရက် ဒီနေ့အထိ ခွင့်ပြုမိန့်မရတာကြောင့် ရိက္ခာထောက်ပံ့ရေးအစီအစဉ်ကို ရပ်နားလိုက်ရတယ်လို့ အဖွဲ့ဥက္ကဋ္ဌ ကိုစိုးဝင်းက ပြောပါတယ်။

ကပ်ဘေးကာလ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို ထောက်ပံ့ခွင့်မရတာဟာ ဘယ်လိုမှမဖြစ်သင့်ဘူးလို့လည်း ကိုစိုးဝင်းက ဆိုပါတယ်။ အခုလို ရိက္ခာထောက်ပံ့ဖို့သွားတဲ့ ပရဟိတအဖွဲ့ကို စစ်ကောင်စီတပ်က တားမြစ်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီထံ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိဘူး။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၅ ရက်နေ့ကလည်း UNOCHA ၊ ICRC အပါအဝင် ကုလသမဂ္ဂ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေး ခရီးစဉ်တွေကိုလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တင်းကျပ်ကန့်သတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။