နောင်ချို ဂန့်ကော်ရွာမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ
2024.10.25

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဂန့်ကော်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အောက်တိုဘာလ ၂၅ ရက်နေ့ ဒီမနက်အထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ပစ်ခတ်သလို ဒီနေ့မနက်ပိုင်းမှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ နောင်ချို ဒေသခံတစ်ဦးက ပြောပါတယ်။
“တော်တော်ကို ပြင်းပြင်းထန်ထန် ဖြစ်နေတာ။ ရွာသားတွေတော့ ပြေးကုန်ပြီဗျ။ မနေ့ကဆို လေယာဉ်နဲ့ပါ ဆက်တိုက်ပစ်တာ။ တော်လှန်ရေး အဖွဲ့တွေကတော့ နောက်မဆုတ်ဘူး”
အောက်တိုဘာလ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ပြင်ဦးလွင်ကနေ မိုင်နှစ်ဆယ်နီးပါးဝေးတဲ့ ဘန့်ဘွေး၊ ဂန့်ကော်ရွာတွေဘက်ကို အင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ဝေးတဲ့ တောင်ခမ်းကျေးရွာ အနီးက အမြောက်တပ်ရင်းမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းကနေ စစ်အင်အားတွေ စုစည်းထားပြီး TNLA သိမ်းယူထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ ရှမ်းပြည်စစ်ရေး အခြေအနေလေ့လာသူ ကိုဖိုးဝက ပြောပါတယ်။
“စစ်တပ်က တောင်ခမ်း၊ ပြင်ဦးလွင်ကနေ နှစ်ဖက်ညှပ်ပြီး ပြန်တိုက်မဲ့ အခြေအနေမျိုးလို့ ပြောလို့ရတယ်။ အင်အားလည်း ထိုက်သင့်သလောက် ပြန်ဖြည့်ထားတယ်ဆိုတော့လေ။ တိုက်ပွဲတွေ ဆက်ပြင်းလာနိုင်တယ်”
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြင်ဦးလွင်နဲ့ မိုင်နှစ်ဆယ်အကွာက ဂန့်ကော်ရွာမှာ တိုက်ပွဲတွေပြင်းထန်နေပေမဲ့ ပြင်ဦးလွင်မြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။