ဒီပဲယင်းတိုက်ပွဲ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်လို့ သုံးယောက် သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၇ က စစ်ရဟတ်ယာဉ်သုံးကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ သုံးယောက်ရှိတယ်လို့ ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ကနဦး သတင်းတွေမှာတော့ သေဆုံးသူ အယောက် ၂၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုထားပေမယ့် တိုက်ပွဲဖြစ်ပွားချိန်မှာ ရှောင်တိမ်းရင်းကနေ ပျောက်ဆုံးနေတဲ့ စာရင်းဖြစ်နိုင်တယ်လို့ ဒီပဲယင်း PDF တပ်ဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အတည်ပြုလို့ရတာ သုံးယောက်တော့ အတည်ပြုလို့ရပါတယ်။ ရုပ်အလောင်းလည်း ရထားပါတယ်။ အစောပိုင်းထွက်လာတဲ့ သတင်းတွေက အပျောက်စာရင်းတွေလေ၊ တော်တော်များများက ပြန်တွေ့တယ်"
သေဆုံးသူ သုံးယောက်ထဲမှာ ညောင်လှရွာသား နှစ်ယောက်နဲ့ PDF တပ်ဖွဲ့ဝင် တစ်ယောက်ပါဝင်ပြီး သူတို့ ရုပ်အလောင်းတွေကို ရှာတွေ့ထားလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က ဒီပဲယင်းမြို့နယ် ညောင်လှရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာက စစ်ရဟတ်ယာဉ် ၅ စီးရောက်လာပြီး ၁ စီးက ဆယ်မိနစ်ကြာ အနီးပတ်ဝန်းကျင်ကို လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲကြောင့် ညောင်လှ၊ ဝဲကြီး၊ လက်ယက်ကုန်း၊ နများ၊ ယဉ်ကျေးနဲ့ အင်ပင်ရွာက ဒေသခံတွေက တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ လောက် ရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူက ဆိုထားပါတယ်။