ကလေးမှာ PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.09.04

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ စက်တင်ဘာ ၃ ရက်နေ့ က စပြီး စက်တင်ဘာ ၄ ရက် မနေ့က မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး ကလေး PDF တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ကလေး PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မနက် ၉ နာရီက ရေရှင်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကို ကလေး PDF တပ်ဖွဲဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့ကြရာကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကလေး PDF က ထုတ်ပြန် ထားပါတယ်။

ကလေးမြို့တောင်ပိုင်းဘက်က အင်းကျွန်း၊ ရေရှင်၊ တင်သား၊ ဒုံးနွယ်၊ ကုက္ကိုလ်၊ ရှားတော စတဲ့ ရွာပေါင်း ၁၀ ရွာက ဒေသခံတစ်သောင်းကျော်လောက် ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

သက်ကြီးရွယ်အိုတွေ ၊ ကလေးသူငယ်တွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ မွေးဖွားခါးနီး အမျိုးသမီး ကိုယ်ဝန် ဆောင်သူတွေလည်း ပါဝင်လို့ အစားအသောက်ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါ တယ်။

မမျှော်လင့်ဘဲ ထွက်ပြေးသိမ်းရှောင်ရတာကြောင့် လက်ရှိအချိန်အထိ ထမင်းတစ်နပ်သာ စားရသေးတယ်လို့ ရေရှင်ရွာသားတစ်ဦးက ပြောပါတယ်။

ရေရှင်ရွာ အပါအဝင် ကလေးမြို့တောင်ပိုင်းက ရွာတွေထဲမှာ PDF တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မကြာမကြာလာရောက် ရှာဖွေဖမ်းဆီးနေကြတာပါ။ ရေရှင်ရွာထဲကိုလည်း လက်နက်ကြီး တွေနဲ့ပစ်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေသလို တင်သားရွာထဲက အိမ်တွေကိုလည်း မီးတွေရှို့ခဲ့ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၄ ရက် မနေ့က နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေပြင်ကနေ စစ်ကြောင်း နှစ်ခုနဲ့ ထိုးဖောက်နေသလို လေကြောင်းကနေလည်း ရဟတ်ယာဉ်တစ်စီးနဲ့ ပျံဝဲနေတယ်လို့ ပြောကြပါတယ်။

တင်သားရွာဒေသခံတွေကတော့ ရုတ်တရက်တိုက်ပွဲဖြစ်လို့ ရွာလုံးကျွတ်နီးပါး တောတောင်တွေထဲမှာ ပုန်းရှောင်နေကြရလို့ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့ကနေ ယောနယ်ဘက်ကိုထွက်တဲ့ လမ်းတွေအားလုံးကိုလည်း စစ်ကောင်စီတပ်တွေက ပိတ်ထား လိုက်ကြတယ်လို့ အရှေ့စည်း ရွာသားတစ်ဦးက ပြောပါတယ်။

ကလေးမြို့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား မြို့ပေါ်နဲ့ ကျေးလက်တွေ မှာ တိုက်ပွဲပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် ကလေးမြို့တောင်ပိုင်းရွာတွေက ဒေသခံတွေဟာ ငါးကြိမ်ထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

တင်သား၊ အရှေ့စည်း၊ ကျောက်ဖူးရွာတွေမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်လကျော်အထိ တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ ယနေ့အချိန်ထိ နေရပ်မပြန်ရဲသူတွေ၊ တောထဲတောင်ထဲတွေမှာ ထွက်ပြေးခိုလှုံနေရသူ စုစုပေါင်း သုံးထောင်ကျော်ရှိနေတယ်လို့ ဒုက္ခသည်တွေအတွက် အစားအသောက် အကူအညီပေးနေသူတွေက ပြောပါတယ်။

ကလေးမြိုမှာ ဖေဖော်ဝါရီတစ်ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပစ်ခတ်လို့ သေဆုံး သူ လေးဆယ်ကျော်နဲ့ ဖမ်းဆီးခံရသူ တစ်ရာကျော်ရှိတယ်လို့ ဆန္ဒပြဦးဆောင်သူတွေက ပြောပါတယ်။

ကလေးမြို့ဟာ ၂၀၉ ရက်တိုင်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ ဆက်တိုက်ရှိနေတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီတပ်တွေကို လက်လုပ်တူမီးသေနတ်နဲ့ အစောဆုံး တိုက်ခိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။