ပုဏ္ဏားကျွန်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့ စစ်သုံ့ပန်းချင်းလဲလှယ်
2023.01.05
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ဇန်နဝါရီ ၃ ရက်နေ့က စစ်သုံ့ပန်းချင်း လဲလှယ်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက RFA ကို ဒီကနေ့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားတချို့နဲ့ ရက္ခိုင်တော် (AA) က ဗိုလ်မှူးတစ်ဦးနဲ့ တပ်သားတချို့တို့ကို လဲလှယ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ မျက်မြင်တစ်ဦးက ပြောပါတယ်။
“လဲလှယ်တာက AA က ဗိုလ်မှူးတစ်ယောက် တပ်သားတချို့နဲ့ စစ်ကောင်စီက ဗိုလ်မှူးတစ်ယောက် တပ်သားတချို့ပေါ့။ တပ်သားတွေကတော့ အများမဟုတ်ဘူး။ သုံးလေးယောက်လောက်ပါပဲ။ မျက်နှာချင်းဆိုင် လဲလှယ်ကြတာ။ စစ်ကောင်စီဘက်က တပ်သား ၁၀ ကျော်လောက်ကားနဲ့ လာယူတယ်။ နှစ်ဖက်လုံး လက်နက်မယူလာဘဲ လဲလှယ်သွားကြတာ။ အရပ်သားတွေတော့ မပါဘူး။ စစ်သားချင်း လဲလှယ်ကြာတာပေါ့”
သုံးပန်းချင်းလဲလှယ်တဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ရော ရက္ခိုင့်တပ်တော် (AA) ဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အဲဒီ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း အခုလို စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ သုံ့ပန်းချင်း လဲလှယ်ခဲ့ပြီး AA က ဖမ်းဆီးထားတဲ့ စစ်သားနဲ့ ရဲ ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီ တပ်က ဖမ်းဆီးခံထားတဲ့ အရပ်သား တစ်ရာနီးပါးရှိပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ (၂)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) တွေနဲ့ တရားစွဲခံထားရပါတယ်။
အခု ဇန်နဝါရီလအတွင်းမှာတော့ အဲဒီလို ဖမ်းဆီးတရားစွဲခံထားရတဲ့ သူတွေထဲက ခုနစ်ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ လွတ်မြောက်လာတာမရှိသေးပါဘူး။