ခင်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦး သေဆုံး
2024.09.25

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရှားလွင်ရွာကို စက်တင်ဘာ ၂၅ ရက် မနေ့ညက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရှားလွင်ရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီဘက်က ဗုံးဆယ်လုံးထက်မနည်း လေကြောင်းကနေ ကြဲချတိုက်ခိုက်တာလို့ ဆိုပါတယ်။
ဗုံးကြဲပစ်ခတ်မှုကြောင့် နေရာမှာတင် အမျိုးသားနှစ်ဦး သေဆုံးသွားသလို နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီက ရွာတွေကိုလေယာဉ်သံ မကြားရဲအောင် အကြောင်းမဲ့ပစ်ခတ်နေတာပေါ့။ တိုက်ပွဲဖြစ်တာ မဖြစ်တာထက် လေယာဉ်ဆို အကုန်ကြောက်အောင် ညရော၊ နေ့ရော အချိန်မရွေးကို ပစ်နေတော့တာ။ သေဆုံးတဲ့သူတွေဆိုလည်း တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားတယ်"
လတ်တလောအခြေအနေအရ ထိခိုက်သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဩဂုတ်လအတွင်း မဒေါင်းလှရွာ ပျူစောထီးအထိုင်တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၁၇ ရက်မှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တန်ပြန်ထိုးစစ်လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မဒေါင်းကြီးရွာကို စီးနင်းပြီး အသက် ၂၀ ကနေ ၃၅ နှစ်ကြားရှိတဲ့ အမျိုးသား သုံးဦးကို သတ်ဖြတ်သွားပါတယ်။