၆ ပွင့်ဆိုင် ဆွေးနွေးရေးကို လက်မခံဘူးလို့ ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
2014.11.29

ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမှာမဟုတ်ပဲ အဖွဲ့ အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ဆုံဆွေးနွေး ပွဲမျိုးကိုသာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ၇ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ သဘော ထားပေးပေမယ့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို လက်မခံဘူးလို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ KNU ဗဟိုအလုပ်အမှူဆောင် ပဒိုမန်းငြိမ်းမောင်က ပြော ပါတယ်။
"၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကာကွယ်ရေး ဦးစီးချုပ်က လက်မခံပါဘူးခင်ဗျ၊ အကုန်လုံးပါဝင် ပတ်သက်တဲ့ သူတွေအားလုံး တွေ့ဆုံမှသာလျှင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူအလေးအနက်ထားပြီးပြော ပါတယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံက ပြင်နိုင်ပါတယ်၊ ပြင်ဖို့လိုတယ်ဆိုတာ သမ္မတကြီးကလည်း ပြောပြီးပြီ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပြင်သင့်တဲ့ဟာ ပြင်မယ်လို့ သူသဘောထားပေးပြီးပြီဆိုလို့ရှိရင် ကျနော်တို့ အပြုသဘောဖက်ကနေ ချဉ်းကပ်ပြီးတော့ ရှုမြင်မယ်ဆိုလို့ရှိရင် ဒီအခက်အခဲတွေဟာ မကျော်လွှားစရာမရှိဘူးလို့ ကျနော်တို့မြင်ပါတယ်"
ဒီနေ့တွေ့ဆုံပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ဖို့၊ KNU အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနဲ့ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားပြု တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၁ ဦးတို့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
KNU နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဟာ နှစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီချက်ရယူ ထားတာဖြစ် ပါတယ်။
KNU ဗဟိုအလုပ်အမှူဆောင် ပဒိုမန်းငြိမ်းမောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း နိုင်ငံရေး ဆွေးနွေးရေးတွေကို ပုံစံအမျိူးမျိူးနဲ့ တောင်းဆိုနေပေမယ့် တိုင်းရင်းသား လက်နှက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသရွေ့တော့ စစ်မှန်တဲ့ပြောင်းလဲမှုလည်း ဖြစ်လာမှာမဟုတ်ဘူးလို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက သုံးသပ်လိုက်ပါတယ်။
NCCT ခေါင်းဆောင် ဦးနိုင်ဟံသာကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။