နိုင်ငံအနှံ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ
2021.04.30
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားက မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လိုက်လံ ဖမ်းဆီးနေပါတယ်။ ဧရာဝတီတိုင်း ငပုတောမြို့နယ် ငြုပ်ကောင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်းလင်း ကို ကြာသပတေးနေ့ကဖမ်းဆီးပြီး ငပုတောမြို့နယ်ရဲစခန်းကို မနေ့ကပို့ဆောင်ခဲ့ရာမှာ ရဲစခန်းကို မရောက်ပဲ လမ်းမှာ ပျောက်ဆုံးနေပါတယ်။
ငြုပ်ကောင်းမြို့သား ကိုမောင်မောင် ကို RFA က ဆက်သွယ်ခဲ့ရာမှာ-
“အမှတ် ၂ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ကိုလင်းလင်း ကို မနေ့ညက လာဖမ်းတယ်။ ည ၁၁ နာရီလောက်က ရဲ ၅ ယောက်လာတယ်၊ ၁ ပွင့်နဲ့ ဗိုလ်လေးတယောက်ပါတယ် ကျန်တာက ရဲသားတွေ။ မေးစရာရှိလို့ လိုက်ခဲ့ပါ ကိုလင်းလင်းရေဆိုလို့ ကိုလင်းလင်းက လိုက်သွားတယ်။ အဲဒါနဲ့နောက်က မိသားစုက နောက်ကလိုက်တယ် အတွေ့မခံဘူး မနက်မှလာတွေ့ပါတဲ့ ။ အဲဒီအခါ မိသားစုကပြန်တယ် ကိုလင်းလင်းက အချုပ်ထဲမှာ အိပ်ရတယ်။ မနက်ကသွားတဲ့အခါကျတော့ အဝတ်အစားတွေလာပို့ပါတဲ့ သူ့ကို ငပုတောမြို့နယ်ကို ခေါ်သွားမယ်တဲ့ ဒီနေ့။ သူ့မိသားစုက လိုက်လို့ရမလားဆိုတော့ နောက်မှလိုက်ပါပြောတယ်။ ဒီညနေကျတော့ ၅ နာရီလောက်မှာ ကိုလင်းလင်းက သူ့သမီးကို ဖုန်းဆက်တယ် သူ ငပုတောကို ရောက်နေပြီ ဒါပေမဲ့ စခန်းထဲလည်း မရောက်သေးဘူး။ အချုပ်ထဲလည်း မရောက်သေးဘူး အပြင်မှာပဲတဲ့။ အဲဒါနဲ့ည ၇ နာရီလောက်ကျတော့ ငပုတောမှာရှိတဲ့ သူ့မိသားစုကို ဖုန်းဆက်ပြီးမေးကြည့်တော့ စခန်းထဲလည်း မရောက်သေးဘူး။ အချုပ်ထဲလည်း မရောက်သေးဘူး ပျောက်နေတယ် လိုက်ပို့တဲ့ ရဲတွေကိုလည်း ဆက်လို့မရဘူး။”
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ကိုလည်း မနေ့က မနက် ၁၂ နာရီလောက်မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်ခိုင်ခိုင် က ပြောပါတယ်။
“ရပ်ကွက်ကြီး ၁၁ ကျမတို့ ပြင်ဦးလွင်ကပေါ့နော်၊ အုပ်ချုပ်ရေးမှူးတယောက် တနေ့က အဖမ်းခံရတယ်။ သူတို့က အေးအေးချမ်းချမ်းပဲ နေကြတာလေ ဆန္ဒလဲ မပြဘူး။ သူတို့အိမ်မှာ သူတို့နေကြတာ။ ကျမတို့ရပ်ကွက်မှာ ဆန္ဒပြတဲ့သူလဲ မရှိဘူး၊ မရှိတဲ့ကြားထဲက အုပ်ချုပ်ရေးမှူးဟောင်းကို လာဖမ်းတယ်ဆိုတော့ သူတို့မိသားစုဆိုလဲ ငိုယိုပြီးတော့ ကျမတို့လည်း နည်းနည်းတော့ကြောက်မိတာပေါ့။”
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာတော့ အုပ်ချုပ်ရေးမှူးအများစုက အာဏာဖီဆန်ပြီး ရှောင်တိမ်းနေကြတဲ့အတွက် အခုအချိန်ထိ၂ ယောက်လောက်ပဲ ဖမ်းဆီးခံရတယ်လို့ ဒေသခံ ကိုဝင်းသန်းက ပြောပါတယ်။
“ကျနော်တို့ ရပ်ကွက်ပြည်သူတွေက ကိုယ့်ရပ်ကွက်ကိုယ် အုပ်ချုပ်မယ်ဆိုပြီး ကျနော်တို့ ရုံးတွေကို ပိတ်ခဲ့တယ်။ ဒါကို သူတို့က အတင်းဖြိုဖျက်ပြီး ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို အရင်ဆုံးခေါ်တယ် ရုံးလာထိုင်ဖို့။ ဒါပေမဲ့ ကျနော်တို့အုပ်ချုပ်ရေးမှူးတွေက CDM ဝင်ထားတဲ့အတွက် ရုံးလာမထိုင်ဘူး အဲဒီမှာ သူတို့လူတွေနဲ့ အစားထိုးဖို့ ကြိုးစားတယ်။ အဲဒါကို ရပ်ကွက်နေပြည်သူတွေက လုံးဝလက်မခံဘူး။ အဲဒီအခါကျတော့ အုပ်ချုပ်ရေးမှုးတွေကို ဖမ်းဖို့ဆီးဖို့ ကြိုးစားလာတယ် ၃ လပိုင်းထဲမှာပေါ့နော်။ ဌ - ရပ်ကွက်ကတော့ အချိန်မီ ရှောင်လိုက်နိုင်တယ်။ ဋ ရပ်ကွက်က အုပ်ချုပ်ရေးမှုးအိမ်ကိုတော့ အုပ်ချုပ်ရေးမှုး မမိတဲ့အတွက် သူ့အိမ်က အိမ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်၊ ၄ လပိုင်းထဲမှာပေါ့။ သူ့မိသားစုကို ဖမ်းတဲ့အတွက် သူလဲထွက်ပြီးအဖမ်းခံလိုက်တယ်။ ကျနော်တို့ မြောက်ဥက္ကလာပ မြို့နယ်အနေနဲ့ ကျန်တဲ့ရပ်ကွက်အများစုကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မိသားစုအလိုက် တိမ်းရှောင်နေရပြီး တချို့ဃ ရပ်ကွက် င ရပ်ကွက်လိုမျိုး အုပ်ချုပ်ရေးမှူးတွေကတော့ စစ်ကောင်စီနဲ့တွဲပြီး ထမ်းဆောင်နေတယ်။”
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအနှံ့က အုပ်ချုပ်ရေးမှူးအများစုရဲ့ ဖီဆန်မှုကြောင့် ကျေးရွာရပ်ကွက်တွေကို အုပ်ချုပ်ရာမှာ အခက်တွေ့နေတဲ့အတွက် ဒလန်သတင်းပေးတွေရဲ့ အကူအညီနဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေတယ်လို့ ဒေသခံပြည်သူတွေက RFA ကိုပြောပါတယ်။