ရခိုင်မှာ ရေကြောင်းသွားလာရေး တစ်ပတ်ကြာ ပိတ်ခံထားရတာကြောင့် ဒေသခံတွေခက်ခဲ
အခုလို တစ်ပတ်ကြာ ရေယာဉ်လိုင်းတွေ ရပ်နားထားရတာကြောင်း ခရီးသည်တွေအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ အခက်အခဲဖြစ်နေကြတယ်လို့ ရွှေပြည်တန် ရေအမြန်ယာဉ် မန်နေဂျာ ဦးစံမောင်သန်းကပြောပါတယ်။
- 2022-06-30
-
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြို့နယ်အသီးသီးကို ပြေးဆွဲနေတဲ့ ရွှေပြည်တန်ရေကြောင်းလိုင်း အပါအဝင် ရေကြောင်းလိုင်းတချို့ကို စစ်ကောင်စီက ဒီကနေ့အချိန်ထိ ပိတ်ထားဆဲဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာ ဗိုလ်အဆင့်ရှိတဲ့ စစ်ကောင်စီတပ် အရာရှိတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၄ ရက်နေ့ကစလို့ သင်္ဘောတွေ၊ စက်လှေကြီးငယ်တွေ ကမ်းဆိုက်တဲ့ ဆတ်ရိုးကျချောင်းကို စစ်ကောင်စီတပ်က ပိတ်လိုက်တာပါ။
အခုလို တစ်ပတ်ကြာ ရေယာဉ်လိုင်းတွေ ရပ်နားထားရတာကြောင်း ခရီးသည်တွေအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ အခက်အခဲဖြစ်နေကြတယ်လို့ ရွှေပြည်တန် ရေအမြန်ယာဉ် မန်နေဂျာ ဦးစံမောင်သန်းကပြောပါတယ်။
“ဘယ်နေ့ပြန်ဖွင့်ပေးမယ်ဆိုတာကို မသိရသေးဘူး။ ဒါကြောင့် ခရီးသည်တွေရော၊ လုပ်ငန်းရှင်တွေရော အကုန်လုံးအခက်အခဲဖြစ်ကြတာပေါ့။ ဟိုနေ့ကတော့ ရေကြောင်းဦးစီးနဲ့တွေ့ခဲ့တယ်။ ပြန်ဖွင့်ပေးမယ်ဆိုရင်လည်း စစ်တပ်က စစ်ဆေးမှုတွေလုပ်မယ်လို့ သူကပြောတယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားပေးပါဆိုပြီးတော့ ပြောတာတော့ရှိတယ်”
ရွှေပြည်တန်ရေကြောင်းလိုင်းဟာ စစ်တွေမြို့ကနေ ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးကို အသွားအပြန် ပြေးဆွဲနေတာဖြစ်ပြီး ရခိုင်လူထု အဓိက မှီခိုသွားလာနေရတဲ့ ရေကြောင်းလိုင်းပါ။
ဒါကြောင့် အခုလို ပိတ်ထားတာ အချိန်ကြာလာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စည်စီးဆင်းမှုတွေ၊ သွားလာမှုတွေ တော်တော်လေးကို အခက်အခဲ ဖြစ်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
။
ရသေ့တောင်မြို့ကနေ စစ်တွေမြို့ကို ပြေးဆွဲနေတဲ့ စက်လှေပိုင်ရှင် ဦးမောင်စောဝင်းကလည်း အခုလို ရေကြောင်းခရီးကို ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပြီလို့ပြောပါတယ်။
“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် အဲဒီဆတ်ရိုးကျချောင်းကပဲ ကုန်စည်စီးဆင်းမှု ပြုလုပ်နေကြတာလေ။ အခု အဲဒီချောင်းကို ပိတ်ထားတော့ သွားလာလို့မရဘူး။ အခုဆိုရင် ရေကြောင်းကနေ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတယ်။ ကုန်းလမ်းကနေ ပစ္စည်းတွေ တင်ရင်လည်း ကုန်ကျစရိတ်တွေ များတာကြောင့် လယ်ယာသုံးမြေသြစာတွေ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ အကုန်ဈေးတက်သွားပြီ။ ဒေသခံတွေ တော်တော်အခက်အခဲဖြစ်တာပေါ့”
ဒါကြောင့် ဒီရေကြောင်းခရီးကို စစ်ကောင်စီအနေနဲ့ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်လို့လည်းဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ကနေ ဆိတ်ရိုးကျချောင်းကို ပိတ်ထားတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ဒီဇွန်လအတွင်းမှာပဲ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ဟာ အပြန်အလှန် ဖမ်းဆီးမှုတွေ စစ်ရေးလှုပ်ရှားတာတွေ ရှိနေပါတယ်။
စစ်ကောင်စီတပ်သား ၁၀ ကျော်ကို AA က ဖမ်းဆီးထားသလို ဒေသခံ ၄၀ လောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းမှာ စစ်ကောင်စီတပ်ကနေ ရေကြောင်းလိုင်းတွေကို ပိတ်ထားသလို၊ ကုန်လမ်းမှာလည်း အရင်ကထက် အစစ်အဆေးတွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။