နယ်စပ်ဒေသတွေကနေ မြန်မာနိုင်ငံထဲကိုတင်သွင်းနေတဲ့ ဆပ်ပြာ၊ဆပ်ပြာမှုန့်နဲ့ သွားတိုက်ဆေးတင်သွင်းခွင့်ကို ဇွန်လ ၄ရက်နေ့ကစပြီး ရပ်ဆိုင်းတဲ့အကြောင်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက မြဝတီကုန်သွယ်ရေးဇုန် ကိုအသိပေးတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ဖို့နဲ့ အသေးစားနဲ့အလတ်စား ပြည်တွင်း စီးပွားရေးထုတ်ကုန်ဈေးကွက်ကို အကာအကွယ်ပေးနိုင်ဖို့ ITC ကတ် လို့ခေါ်တဲ့ တဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်နဲ့ လုပ်နေသူတွေကို တင်သွင်းခွင့် ရပ်လိုက်တာပါ။
မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကတော့ အခုလိုပိတ်ပင်မှုဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးကို မထိခိုက်နိုင်ဘူးလို့ RFA ကိုပြောပါတယ်။ ကုမ္ပဏီဖွင့်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ ကြိုက်သလောက် တင်သွင်းခွင့်ရနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက တင်သွင်းနေတဲ့ အချိုရည်မျိုးစုံ၊ ကော်ဖီမစ်မျိုးစုံ၊ နိုဆီ၊ နို့စိမ်းစတဲ့ ထိုင်းစားသောက်ကုန် ၄ မျိုးကို နယ်စပ် လမ်းကြောင်းကနေ တင်သွင်းခွင့်ကိုလည်း ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကစပြီး ပိတ်ပင်ခဲ့ပြီး ပင်လယ်ရေကြောင်းကနေ တင်သွင်းဖို့ စစ်ကောင်စီရဲ့ အကောက်ခွန်ဦးစီးဌာနက ကုန်သည်လုပ်ငန်းရှင်တွေကို ညွန်ကြားထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေလို့ ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းမှုတွေကို တင်းကျပ်ထားသလို ကုန်သွယ်ရေးအရပါ တင်းကျပ်မှုအချို့ ရှိလာနေပါတယ်။