ပေါက်တောမြို့မှာ စစ်ကောင်စီ လက်နက်ကြီးနဲ့တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်
2023.11.22

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ ပြည်သူတစ်ရာခန့်ကို နိုဝင်ဘာ ၂၁ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က ကယ်ထုတ်ပြီးနောက် စစ်ကောင်စီတပ်က ပေါက်တောမြို့နဲ့ အနီးတစ်ဝိုက်ကို ကြည်း၊ ရေ၊ လေ ဘက်စုံကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့လယ်ကနေ နိုဝင်ဘာ ၂၂ ရက် ဒီနေ့နေ့လယ်အထိ လေယာဉ်အပြင် လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ပစ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့ကတည်းက အခုအထိ စစ်ကောင်စီတပ်က ပစ်နေတုန်းပဲ။ အဓိကတော့ Mi-35 လေယာဉ်နဲ့ မြို့နဲ့အနီးအနားကို ပတ်ပြီးပစ်တယ်။ ပြီးရင် လက်နက်ကြီးနဲ့ အဝေးက လှမ်းပစ်တယ်။ မြစ်ထဲကလည်း နေဗီကလည်း လှမ်းပစ်နေတယ်။ မြို့ပေါ်မှာတော့ ပိတ်နေတဲ့သူ နည်းနည်းပဲရှိတော့တယ်။ အဖမ်းခံရတဲ့သူတွေကိုလည်း မနေ့က (AA) က ကယ်ထုတ်လိုက်ပြီလေ။ ဒီမှာတော့ အကုန်လုံးကြောက်နေကြတာပဲ"
စစ်တွေမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေလည်း ပေါက်တောမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် လှမ်းပစ်နေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
မနေ့က လွတ်မြောက်လာသူတွေဟာ နိုဝင်ဘာ ၁၆ ရက်နေ့က ပေါက်တောမြို့မရဲစခန်းကို AA တပ်ဖွဲ့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသူတွေဖြစ်ပါတယ်။
အဲဒီဖမ်းဆီးချိန် စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၂၁ ရက်မှာ ပေါက်တောမြို့က စစ်ကောင်စီတပ်သား တွေ ရှိတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေကို ကယ်တင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့တဲ့ပြင် (AA) ဘက်ကလည်း တပ်ဖွဲ့ဝင်တချို့သေဆုံးပြီး ဒဏ်ရာရသူတွေပါရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အရေအတွက်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။
ပြန်လည်လွတ်မြောက်လာတဲ့ ပေါက်တောဒေသခံတွေရဲ့ ပြောဆိုမှုကိုရရှိဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပေါက်တောမြို့ကိစ္စအပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း RFA ကမေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်( AA) တို့ နိုဝင်ဘာလ ၁၃ ရက်နေ့က စပြီး တိုက်ပွဲစတင်ဖြစ်ခဲ့တာပါ။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ်အတွင်းက အိမ်ထောင်စု ၄၇၀၀ ကျော်၊ လူဦးရေ ၂၆၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာ ၁၇ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။
မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ အမ်းစတဲ့ မြို့နယ်တွေမှာလည်း လက်နက်ကြီး ကြောင့် ဒေသခံအနည်းဆုံး ၁၁ ဦး သေဆုံးပြီး သုံးဆယ်ကျော် ဒဏ်ရာရသွားခဲ့တယ် လို့လည်း (UNOCHA) က ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မြို့နယ်တွေကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းကိုလည်း နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီဘက်က ကန့်သတ်ထားတာကြောင့် လူသားချင်း စာနာမှု အကူအညီတွေကို ရပ်ဆိုင်းထားရတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။