ထန်တလန်မီးရှို့မှု သက်သေ အထောက်အထားပြဖို့ စစ်ကောင်စီပြော

ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်မှုမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားရှိရင် ထုတ်ပြဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို မနေ့က ပြောပါတယ်။
ထန်တလန်မီးလောင်မှုဟာ စစ်ကောင်စီတပ်သား မီးရှို့ခဲ့တာ ဖြစ်တဲ့အကြောင်း ဒေသခံ မျက်မြင်သက်သေ တစ်ဦးက RFA ကိုပြောဆိုတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာမှာ အခုလို တုံ့ပြန်ခဲ့တာပါ။
"အဲဒီမြို့ပေါ်မှာလူတွေ ရှိ၊ မရှိကတော့ သူတို့ အသိဆုံးပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်အနေနဲ့က မြို့ထဲမှာလည်း မရှိဘူး၊ သူရဲ့လုံခြုံရေးစခန်းတွေမှာပဲ ရှိတယ်။ အဲမှာ မြို့မိမြို့ဖတွေ ကျန်ပါတယ်။ သူတို့က ပိုသိပါတယ်။ အဲမှာနေတဲ့ လူက ရှားပါတယ်။ မိသားစုတစ်စု ဆိုတာက ထုတ်ပြောပါ။ တကယ်မြင်ခဲ့တယ် ဆိုရင် သက်သေ အထောက်အထားနဲ့ ထုတ်ပြပါလို့ ပြောချင်ပါတယ်"
မီးရှို့မှု လက်သည်တရားခံဟာ PDF တွေရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ အထောက်အထား အပြည့်အစုံရှိတယ် လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း အောက်တိုဘာ ၂၉ ရက်နေ့က ထန်တလန်မြို့မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ငယ် တွေနဲ့ပါ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် PDF အဖွဲ့က အမှတ်(၁) ဘောလုံးကွင်းရပ်ကွက်က နေအိမ်တွေကို မီးလောင်လွယ်တဲ့ပစ္စည်းတွေနဲ့ စုပုံ မီးရှို့ခဲ့ရာကနေစပြီး ဘုရားကျောင်းနှစ်ကျောင်းနဲ့ နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ပါရှိပါတယ်။
ဒါပေမဲ့ ထန်တလန်မြို့ခံတွေကတော့ စစ်ကောင်စီဘက်က ပြောဆိုချက်တွေကို လက်မခံကြပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့ခံခဲ့ရတာက ဘုရားကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၁၆၄ လုံးထက်မနည်း ရှိတယ်လို့ ပြောကြပါတယ်။
မီးရှို့ခံရချိန်မှာ မြို့တွင်းမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတစ်ဦးက အဲဒီနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်သားလေးဦးက လာရောက်ပြီး နေရာ ငါးနေရာလောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို့ RFA ကို ပြောပါတယ်။
"ကျွန်တော်အမေနဲ့ အမေရဲ့ သူငယ်ချင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် သုံးယောက် ကျန်ခဲ့တာ။ ကျွန်တော်က ယောက်ျားလေးဆိုတော့ စစ်တပ်က လာဖမ်းမှာ ကြောက်တယ်။ အဲဒါကြောင့် ကျွန်တော်က အိမ်အောက်မှာ ပုန်းနေတယ်။ မနက်ပိုင်းမှာ လက်နက်ကြီးသံတွေ ကြားရလို့ ပုန်းနေတာ။ နည်းနည်း အောက်ဘက်မှာ အရင် မီးလောင်ပြီးမှ တစ်နာရီ နှစ်နာရီလောက်အကြာမှာ သူတို့အဲဒီ သေနတ်သံတွေ ဗုံးသံတွေ မကြားရတော့တဲ့အခါ သူတို့ တိုက်ပွဲမရှိတော့ဘူးလား စုံစမ်းဖို့ နည်းနည်း အပြင်ထွက်ကြည့်တာ။ ကျွန်တော် အိမ်အပြင်မှာ စကားသံကြားတော့ ကျွန်တော်ပုန်းပြီး ဒီမှာ ဘယ်သူလာလဲကြည့်တော့ စစ်သားလေးယောက် လာတယ်။ ဆိုင်ကယ်နဲ့ လာတယ်။ တခြားနေရာသွားပြီးတော့ သူတို့က တမင် သက်သက်နဲ့ အိမ်တွေကို မီးရှို့လိုက်တယ်။ ပြီးတော့ နောက်နှစ်ယောက်က ကျွန်တော် အိမ်ရှေ့ကလမ်း တစ်ဘက်မှာ အဲဒီနှစ်ယောက်က အိမ်တွေကို မီးထပ်ရှို့တယ်။ သေချာမီးလောင်လား၊ မလောင်ဘူးလား ဆိုတာ ပြန်ကြည့်နေသေးတယ်။ သူတို့က ငါးနေရာမှာ မီးရှို့ပြီးတော့ သူတို့ စခန်းရှိတဲ့ အပေါ်ဘက်ကို ပြန်တက်သွားတယ်"
ချင်းဒေသကာကွယ်ရေး ထန်တလန် CDF အဖွဲ့ကလည်း စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေရှိကြောင်း ပြောပါတယ်။
" စစ်သားလေးယောက်လာတယ်။ ဆိုင်ကယ်နဲ့လာတယ်။ တခြားနေရာသွားပြီးတော့ သူတို့က တမင်သက်သက် အိမ်တွေကို မီးရှို့လိုက်တယ်"
ထန်တလန်မြို့က နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့တာကို မြင်တွေ့တဲ့ လူမျက်မြင်သက်သေ ရှိတဲ့အပြင် ခိုင်လုံတဲ့သက်သေ ဗီဒီယိုဖိုင်လည်း ရှိတယ်လို့ ထန်တလန် CDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ ဗီဒီယို clip ရိုက်ထားတာ ရှိပါတယ်။ သူတို့ရှိတဲ့နေရာကနေ မီးစလောင်တာလေ။ တစ်မိနစ် တောင် မကြာဘူး။ သူတို့ရှိတဲ့နေရာကနေ မီးလောင်တာ။ မီးခိုးငွေ့ ချက်ချင်းထွက်လာတာပေါ့။ ကျွန်တော်တို့က ပြည်သူလူထုရဲ့ လုံခြုံရေးရအောင် ကာကွယ်ပေးမယ့်အဖွဲ့အစည်းဆိုကတည်းကိုက ကျွန်တော့်အိမ်လည်း ပါတယ်။ ဘာဖြစ်လို့ ကျွန်တော့်အိမ်ကို ကျွန်တော် မီးရှို့ရမှာတုန်း"
အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး ကတော့ သက်သေ အထောက်အထားတွေကို စုဆောင်းပြီး နိုင်ငံတကာအကူအညီနဲ့ အရေးယူနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

"မြန်မာပြည်အနှံအပြားမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တင်မယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာတရားရုံးက ထည့်သွင်းစဉ်းစားရမယ့် အချက်တွေထဲပါတယ်လို့ သိထားတယ်။ အဲဒီလို အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂက ကောက်ခံမဲ့ IMMF ဆိုတဲ့အဖွဲ့အစည်းတွေ၊ နောက်ပြီး NUG အစိုးရလက်အောက်က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရယ်၊ နောက်ပြီးတော့ နိုင်ငံတကာ အဖွဲ့တွေကို ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ဒီကိစ္စမှာ ရရှိတဲ့ ဓာတ်ပုံ အထောက်အထားတွေ အားလုံးကို တင်ပြပြီးတော့ အကူအညီတောင်းမယ်ဆိုလို့ရှိရင် ဒါဟာ ဖြစ်လာ နိုင်စရာ အကြောင်းရှိတယ်လို့ ပြောချင်ပါတယ်"
လူဦးရေ တစ်သောင်းနီးပါးနေထိုင်တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ဒေသကာကွယ် ရေးတပ် CDF၊ ချင်းအမျိုးသားတပ်ဦး CNF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့် အခု အောက်တိုဘာလ ၂၉ ရက်နေ့ ဖြစ်စဉ်နဲ့ဆိုရင် နှစ်လအတွင်း မီးရှို့ခံရတဲ့ နေအိမ်ပေါင်းဟာ ၁၈၂ အိမ်ရှိပါတယ်။
အခုအချိန်မှာတော့ လူပေါင်း တစ်သောင်းနီးပါးစလုံး မြို့ကို စွန့်ခွာထွက်ပြေးနေကြရတာကြောင့် အခုအချိန်မှာ မြို့ပေါ်မှာ ဘယ်သူမှမရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။